မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေး စင်္ကလြမ်းတစ်လျှောက်ရှိ မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့များဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ထံမှ အမေရိကန်ဒေါ်လာ သန်း ၈ဝ နှင့် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းတိုင်းပြည်များ စီးပွားဖွံ့ဖြိုးရေးအေဂျင်စီ (NEDA)ထံမှ ဒေါ်လာ ၂၄ သန်းကျော်ချေးရန် သမ္မတက လွှတ်တော်ထံ စာပို့ထားကြောင်း သိရပါသည်။
ထိုမြို့များတွင် ရေပေးဝေရေးစနစ် အဆင့်မြှင့်တင်ခြင်းနှင့် အမှိုက်သိမ်းစနစ်တို့ လုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ ဆောက်လုပ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။
မော်လမြိုင်နှင့် ဘားအံအတွက် အေဒီဘီချေးငွေ ဒေါ်လာသန်း ၈ဝ ကို သုံးမည်ဖြစ်ပြီး ADB က အစိမ်းရောင်ရာသီဥတု ရန်ပုံငွေအနေဖြင့် ဒေါ်လာ လေးသန်းကျော် ထောက်ပံ့မည်ဟုလည်း ၎င်းက ပြောခဲ့ပါသည်။
မြဝတီအတွက်ကိုမူ ထိုင်းနိုင်ငံ အင်န်အီးဒီအေ၏ချေးငွေ ဒေါ်လာ ၂၄ သန်းကျော်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရပါသည်။
ထို့ပြင် အစိုးရက အခွန်အခအတွက် ကုန်ကျမည့် ဒေါ်လာ ငါးသန်းကျော်နှင့် ပြည်နယ်အစိုးရများက မြေနေရာနှင့် စီမံခန့်ခွဲမှုကုန်ကျစရိတ် ဒေါ်လာနှစ်သန်းခွဲကို အသီးသီးထည့်ဝင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။
စီမံကိန်းကို ၂ဝ၂၄ ခုနှစ် အပြီးလုပ်ဆောင်မည်ဖြစ်ပြီး ၂ဝ၁၈ မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း အသေးစိတ် စီမံကိန်းများ ရေးဆွဲခြင်းနှင့် ၂ဝ၁၉ မှ ၂ဝ၂၄ ခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သိရပါသည်။
စီမံကိန်းတွင် လူထုလှုံ့ဆော်ရေး အစီအမံများနှင့် စီမံကိန်းနှင့်သက်ဆိုင်သော ဌာနဆိုင်ရာများက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး အစီအမံများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။
မော်လမြိုင်မြို့မှာ လက်ရှိအိမ်ထောင်စုအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းကိုပဲ ရေပေးဝေနိုင်ရာက ၄ဝ ရာခိုင်နှုန်းထိ တိုးတက်ပေးဝေနိုင်မှာဖြစ်ပြီး ရေလေလွင့်မှု ၈ဝ ရာခိုင်နှုန်းရှိနေရာက ၃ဝ ရာခိုင်နှုန်း ထိ လျှော့ချနိုင်မှာ ဖြစ်သည်ဟု ၎င်းက ပြောခဲ့ပါသည်။
ထို့ပြင် အမှိုက်သိမ်းစနစ်သစ်က မြို့၏ ၉၈ ရာခိုင်နှုန်းကို လွှမ်းခြုံတဲ့အထိ ဆောင်ရွက်မည်ဟု ၎င်းက ဆက်ပြောခဲ့ပါသည်။
ဘားအံတွင်လည်း လက်ရှိ ပြည်သူ ခုနစ်ရာခိုင်နှုန်းကိုသာ ရေပေးနိုင်ရာ ၈၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကာ ရေလေလွင့်မှုကို လေးပုံတစ်ပုံ အထိ လျှော့ချနိုင်မည်ဖြစ်သလို ထိုမြို့တွင်လည်း မော်လမြိုင်နည်းတူ ပမာဏအထိ အမှိုက်သိမ်းစနစ်က လွှမ်းခြုံလာလိမ့်မည်ဟု ၎င်းကပြောခဲ့ပါသည်။
ADB ထံမှ ချေးယူမည့် ဒေါ်လာသန်း ၈ဝ မှာ ဆိုင်းငံ့ကာလ ရှစ်နှစ်၊ပြန်ဆပ်ကာလ ၂၄ နှစ်ရှိပြီး အတိုးနှုန်းမှာ ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။