မြန်မာနိုင်ငံ၏ ကန်ဒေါ်လာ ၉၈ မီလီယံ ကြွေးမြီကို ဆိုင်းငံ့ထားပေးကြောင်း ဥရောပသမဂ္ဂ ကြေညာ


02 July, 2020

ကိုဗစ် - ၁၉ ကပ်ရောဂါ၏ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာရိုက်ခတ်ထိခိုက်စေမှုကို စီမံကုစားရာတွင် ထောက်ကူပေးရန်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဩစတြီးယားနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ နှင့် ပိုလန်နိုင်ငံတို့သည် ၂၀၂၀ ခုနှစ် မေလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံက ပေးချေရမည့် ဝတ္တရားရှိသော ပမာဏအားဖြင့် ကန်ဒေါ်လာ ၉၈ မီလီယံ [ကျပ်ငွေ ၁၃၄.၅ ဘီလီယံ] ရှိသည့် ကြွေးမြီဝန်ဆောင်မှုပေးချေခြင်းများကို ဆိုင်းငံ့ထားပေးသည်။ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းထံ ဇူလိုင်လ ၁ရက်က ပေးပို့ခဲ့သော စာလွှာတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဩစတြီးယားနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ နှင့် ပိုလန်နိုင်ငံတို့သည် ကန်ဒေါ်လာ ၉၈ မီလီယံ [ကျပ်ငွေ ၁၃၄.၅ ဘီလီယံ] ပမာဏရှိသော သို့မဟုတ် မြန်မာနိုင်ငံက အဆိုပါ ကာလအပိုင်းအခြားအတွင်း ပေးချေရန်ဝတ္တရားရှိသော ကြွေးမြီဝန်ဆောင်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဝန်းကျင် ဖြစ်သော အတိုးငွေနှင့် ငွေလုံးငွေရင်းပေးချေမှုများကို ဆိုင်းငံ့ထားပေးကြောင်း အသိပေးခဲ့သည်ကြောင်းသိရသည်။

"ဥရောပအသင်းအဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ကြေညာချက်ဟာ ကျွန်တော်တို့ရဲ့ ကိုဗစ် - ၁၉ ကို ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းညှိနှိုင်းတုံ့ပြန်တိုက်ဖျက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်" ဟု ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ သံအမတ်ကြီးများနှင့်အတူ အထက်ပါစာလွှာကို လက်မှတ်ရေးထိုးခဲ့သော ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ပြောသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ယခင်ကလည်း မြန်မာနိုင်ငံအတွက် ကြွေးမြီဖြေလျှော့ပေးခဲ့သည်။ မြန်မာနိုင်ငံက ဤနှစ်တွင် ကြွေးမြီပြန်လည်ပေးဆပ်ရန် ဝတ္တရားရှိသော ဥရောပသမဂ္ဂနိုင်ငံများမှာ ဩစတြီးယားနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ နှင့် ပိုလန်နိုင်ငံတို့ပင် ဖြစ်သည်။ ဥရောပသမဂ္ဂ၏ ဤကြေညာချက်သည် G20 နှင့် Paris Club တို့က ဧပြီလတွင် သဘောတူညီခဲ့သော ကြွေးမြီဝန်ဆောင်မှုဆိုင်းငံ့ရေးစီမံချက်အရ မြန်မာနိုင်ငံအတွက် ပထမဆုံး အတည်ပြုလိုက်သော ကြွေးမြီဆိုင်းငံ့ခြင်း ဖြစ်သည်။ ဥရောပသမဂ္ဂအနေဖြင့် ဤကြွေးမြီဝန်ဆောင်မှု ဆိုင်းငံ့ပေးခြင်းကို အပြည့်အဝထောက်ခံသဘောတူပြီး အလားတူ ကူညီထောက်ပံ့ပေးကြရန် မြန်မာနိုင်ငံ၏ အခြားသော မြီရှင်နိုင်ငံများအားလုံးကိုလည်း ဆော်ဩမှုပြုထားကြောင်းသိရသည်။

"ဒီစီမံချက်အရ ဥရောပဟာ ကြွေးမြီပြန်ဆပ်ခြင်းကို ဆိုင်းငံ့ပေးထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုဆိုရင် ပြည်သူ့ဘဏ္ဍာတွေကို ကျန်းမာရေးကဏ္ဍနဲ့ ထိခိုက်လွယ်ဆုံးသူတွေအတွက်၊ ဆက်ပြီးလည်ပတ်နိုင်ဖို့ ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေးနာလန်ထူမှုရအောင် ကူညီဖို့အတွက် အသုံးချနိုင်ပါပြီ" ဟု သံအမတ်ကြီး Schmidt က ထပ်လောင်းပြောကြားခဲ့ပါသည်။

G20 ကြွေးမြီဝန်ဆောင်မှုဆိုင်းငံ့ခြင်းစီမံချက်တွင် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအသင်း (IDA) ဝင် နိုင်ငံများအားလုံးနှင့် ကုလသမဂ္ဂမှ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးဟု သတ်မှတ်ထားသော နိုင်ငံများ အကျုံးဝင်သည်။

ဧပြီလမှစ၍ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ အကျပ်အတည်းကာလကြောင့် အပြင်းထန်ဆုံး ထိခိုက်နစ်နာခဲ့ရသော ကဏ္ဍများအတွက် ရန်ပုံငွေများ စုစည်းအသုံးချခြင်း နှင့် စီမံကိန်းများအား အရေးပေါ်အခြေအနေနှင့် ကိုက်ညီစေရန် မွမ်းမံပြောင်းလဲခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ဤဆောင်ရွက်ချက်များတွင် အထည်ချုပ်လုပ်သားများအတွက် ယူရိုငွေ ၅ မီလီယံ (ကျပ်ငွေ ၇.၉ ဘီလီယံ) ပမာဏရှိသော မြန်ကူအရေးပေါ်ရန်ပုံငွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ရွှေ့ပြောင်းလုပ်သားများနှင့် ထိခိုက်လွယ်သော လူမှုအုပ်စုများအတွက် ပူးတွဲထောက်ပံ့သည့် ရန်ပုံငွေဖြစ်သည့် ယူရိုငွေ ၁၄.၆ မီလီယံ (ကျပ်ငွေ ၂၃ ဘီလီယံ) ပမာဏရှိသော LIFT ရန်ပုံငွေ၊ ရခိုင်ပြည်နယ်နှင့် ပဋိပက္ခဒဏ်သင့် အခြားဒေသများမှ IDP စခန်းများအတွက် စုစုပေါင်း ယူရိုငွေ ၅ မီလီယံ (ကျပ်ငွေ ၈ ဘီလီယံ) ပမာဏရှိသော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ နှင့် ပညာရေးကဏ္ဍအတွက် ဥရောပသမဂ္ဂက ထောက်ပံ့မည်ဟု ကတိကဝတ်ပြုထားသော ယူရိုငွေ ၂၂၁ မီလီယံ (ကျပ်ငွေ ၃၈၂ ဘီလီယံ) အနက်မှ အရစ်ကျထောက်ပံ့မှုများကို ပိုမိုအဆောတလျင်ပေးအပ်ခြင်းတို့ ပါဝင်သည်။

transcom

Banking & Loan Read 1054 times