တောင်သူများအား ချေးငွေပေါင်း ကျပ်သိန်း ၄၀၀၀ ကျော်ကို စိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့


29 May, 2018

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၈ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ မိုးဦးမိုးများ ရွာသွန်းချိန်တွင် အဆင်ပြေစွာ စိုက်ပျိုး လုပ်ကိုင်နိုင်ရေး အတွက် မေ ၁၇ ရက်နေ့မှ စတင်ကာ တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ညောင်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၈)အုပ်စုမှ တောင်သူ(၁၁၀၀)ဦးအား ချေးငွေကျပ် သိန်းပေါင်း(၄၀၀၀)ထုတ်ချေးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။

ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများထံ ထုတ်ချေးပေးရာတွင် လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထား ပုံစံ(၇)တင်ပြနိုင်သည့် တောင်သူတစ်ဦးချင်း အာမခံ စနစ်ဖြင့် ထုတ်ချေး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရပြီး ညောင်ဦးမြို့နယ်အတွင်း ချေးငွေထုတ်ချေး ပေးရမည့် ကျေးရွာအုပ်စု (၇၅)အုပ်စုမှ တောင်သူဦးရေ(၁၃၁၀၀)ဦးအား ချေးငွေကျပ်သိန်းပေါင်း (၄၉၀၀၀)ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် ယခု ၂၀၁၈ ခုနှစ်အတွက် မြို့နယ်အတွင်းရှိ တောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာမှာ ယခင်လို တောင်သူ(၃)ဦး ဖွဲ့စည်းပြီးတစ်ဦးနဲ့ တစ်ဦး အပြန်အလှန် အာမခံစနစ်နဲ့ ချေးပေးတာမျိုး မဟုတ်ဘဲ ယခုနှစ်မှာ လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထားဖြစ်တဲ့ ပုံစံ(၇)မူရင်း တင်ပြနိုင်သည့် တောင်သူတစ်ဦးချင်း အာမခံစနစ်နဲ့ ထုတ်ချေးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထုတ်ချေးပေးတဲ့နှုန်းထားကတော့ စပါးစိုက်လယ်တစ်ဧက ငွေကျပ် တစ်သိန်းခွဲ၊ အခြားသီးနှံစိုက်ပျိုးမှု တစ်ဧက ငွေကျပ် ငါးသောင်း နှုန်းဖြင့် ထုတ်ချေးပေးတာဖြစ်ကြောင်း၊ ကျွန်တော်တို့မြို့နယ်မှာ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စုပေါင်း (၇၅)အုပ်စုရှိပြီး တောင်သူဦးရေပေါင်းက (၁၃၁၀၀)ဦးရှိ၍ ယခုဆိုရင် ဝန်ထမ်းတွေ ကျေးရွာအုပ်စု(၁၈)အုပ်စုရှိ တောင်သူ(၁၁၀၀)ဦးကို ချေးငွေကျပ်သိန်းပေါင်း(၄၀၀၀)ထုတ်ချေး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိတဲ့ကျေးရွာအုပ်စုက တောင်သူတွေကိုလည်း ချေးငွေထုတ်ချေးရမည့် သတ်မှတ်ကာလမှာ အပြီးထုတ်ချေးနိုင်ရေးအတွက် ရုံးဖွင့်ရက်တွေမှာ စဉ်ဆက်မပြတ် ထုတ်ချေးပေးသွားမှာဖြစ်သည်ဟု ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

 MOI

Banking & Loan Read 1631 times