ရန်ကုန်တိုင်းဒေသကြီးအတွင်း SME လုပ်ငန်းများအတွက် ချေးငွေရရှိရန်ဆောင်ရွက်ပေးမည်


auto
16 May, 2018

ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရရှိမှုတို့ကို အထောက်အကူပြုစေရန် အသေးစားနှင့် အလတ်စားလုပ်ငန်းများလုပ်ကိုင်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် မြို့နယ် ၄၂ မြို့နယ်ရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို စာရင်းကောင်ယူထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်နှင့်ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါသည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို စာရင်ကောက်ယူရာတွင် ယခုနှစ်မေလအထိ လုပ်ငန်းပေါင်း ၂၉၀၀၀ ကျော်ကို စိစစ်ရေးကတ်ထုတ်ပေးပြီးဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား ဒေတာစင်တာတစ်ခုကို ထူထောင်ပြီး ချေးငွေရရှိဖို့ ရန်ကုန်မြို့တော်ဘဏ်နဲ့ အသေးစား နှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်တို့ကို ချိတ်ဆက်ကူညီပေးဖို့ ပထမအဆင့်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရပါသည်။

အစိုးရအနေဖြင့် စာရင်းကောက်ယူထားသော လုပ်ငန်းများအနက် စီးပွားရေးလုပ်ငန်း ၁၀၀ ကို ချေးငွေရရှိဖို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၏ ချေးးငွေစီစစ်ရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရပါသည်။

မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ ၃ မှ အသေးစားနှင့် အလတ်စား စီးပွားရေး သုံးခုကို ငွေကျပ်သိန်း ၇၀၀ ထုတ်ချေးပြီးဖြစ်ကာ မြန်မာ့စီးပွားရေးဘဏ်ချေးငွေထောက်ခံချက်အတွက် ယခင်က သတ်မှတ်ထားသော တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်အစား တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ ထောက်ခံချက်ဖြင့်လည်း ချေးငွေထုတ်ပေးရန် စီစဉ်ပေးထားကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် SME လုပ်ငန်းများအတွက် အပေါင်မဲ့ချေးငွေ ငွေကျပ်သိန်း ၂၀၀ ရရှိရန် ထောက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုငွေရရှိနိုင်ရေး အစိုးရ၊ ပုဂ္ဂလိက၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

 Myawaddy

Banking & Loan Read 649 times