ချေးငွေအာမခံထားကာ ထုတ်ချေးသည့်ချေးငွေများ၏ ဆုံးရှုံးနိုင်ခြေမှာ အများဆုံး ၄ဝ ရာခိုင်နှုန်းသာရှိသဖြင့် ဗဟိုဘဏ်က သတ်မှတ်ထားသော ပုဂ္ဂလိကဘဏ်များအတွက် မတည်ရင်းနှီးငွေ လုံလောက်မှု အချိုးတွက်ချက်မှုစံနှုန်းကို ယခုလ ၂ ရက်က ထပ်မံဖြေလျှော့ပေးလိုက်သည်။
ချေးငွေထုတ်ချေးရာတွင် ချေးငွေအာမခံ (Credit Grantee Insurance) ထားပြီးမှ ထုတ်ချေးပါက အကယ်၍ ချေးထားသည့်ငွေဆုံးရှုံးသွားလျှင်တောင်မှ မြန်မာ့အာမခံလုပ်ငန်းက ၆ဝ ရာခိုင်နှုန်းကို ပြန်လျော်ပေးမည်ဖြစ်ရာ ဘဏ်က အများဆုံး ၄ဝ ရာခိုင်နှုန်းသာဆုံးရှုံးနိုင်သည်ကို ဗဟိုဘဏ်က ရည်ညွှန်းကာ ထိုသို့ဖြေလျှော့ပေးခြင်း ဖြစ်သည်။
မတည်ရင်းနှီးငွေ လုံလောက်မှု အချိုးအစားဟု ကျွမ်းကျင်သူများခေါ်ဝေါ်သည့် ငွေထုတ်ချေးနိုင်သည့်ပမာဏသည် ဘဏ်အသီးသီးအတွက် ဗဟိုဘဏ်က စည်းကမ်းသတ်မှတ်ထားသည်။ ထိုပမာဏသည် ငွေထုတ်ချေးပြီးနောက် ပြန်မဆပ်သဖြင့် ဆုံးရှုံးနိုင်ခြေနှင့် တိုက်ရိုက်ဆက်စပ်သည်။ ထို့ကြောင့်အကယ်၍သာ ချေးငွေအာမခံထားကာ ငွေထုတ်ချေးပါက ၆ဝ ရာခိုင်နှုန်းသည် ကျိန်းသေပေါက် ပြန်ရမည်ဖြစ်ရာ ထိုပမာဏကို ချန်လှပ်ပြီး ကျန်ပမာဏအတွက်သာ မတည်ရင်းနှီးငွေလုံလောက်မှု အချိုးအစားတွင် ထည့်သွင်းတွက်ချက်နိုင်ကြောင်း ဗဟိုဘဏ်က စည်းကမ်းလျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
အကျိုးဆက်အားဖြင့် ဘဏ်များသည် ချေးငွေထုတ်ချေးထားပါက ဘဏ်၏ မတည်ရင်းနှီးငွေလုံလောက်အချိုး (CapitalAqurity Ratio CAR) ကို ရာနှုန်းပြည့်ဆုံးရှုံးနိုင်ခြေနှုန်းဖြင့် တွက်ချက်နေရခြင်းကို သက်သာသွားစေခြင်း ဖြစ်သည်။
''ချေးငွေနဲ့ပတ်သက်တဲ့ ဆုံးရှုံးမှုက အရင်က ရာနှုန်းပြည့်သတ်မှတ်တွက်ချက်ရတော့ CAR မပြည့်ဘူးဆိုရင် ဘဏ်တွေက တိုးမြှင့်ပြီး ဖြည့်ထားရတယ်။ အခုတော့ CGI ချေးငွေအတွက်ဆိုရင် ၄ဝ ရာခိုင်နှုန်းနဲ့ တွက်ပြီးထားလို့ရသွားမှာပါ။ ဒါက ဘဏ်တွေကလည်း တောင်းဆိုနေခဲ့တာကြာပါပြီ။ အခုတော့ ဖြေလျှော့ပေးလိုက်တာပါ''ဟု ဗဟိုဘဏ်၏ ငွေပေးချေမှုနှင့် စာရင်းရှင်းတမ်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောခဲ့ပါသည်။
မတည်ရင်းနှီးငွေ လုံလောက်မှုအချိုးကျဆင်းသွားခြင်းကြောင့် ဖြည့်တင်းထားရန်လိုအပ်သည့် ၆ဝ ရာခိုင်နှုန်းကို အခြားသောချေးငွေများအတွက် ပြန်လည်အသုံးပြုလာနိုင်မည်ဖြစ်သည့်အတွက် ဝန်ဆောင်မှုပိုင်းတွင် ပိုမိုတွင်ကျယ်မှု ရှိလာမည်ဖြစ်သည်ဟုလည်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအရာရှိ ဦးသန်းလွင်က ပြောသည်။
ချေးငွေအာမခံဆိုသည်မှာ ငွေချေးယူလိုသူက မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံဝယ်ယူ၍ ၎င်းအာမခံဖြင့် ဘဏ်တွင် အပေါင်သဘောထားကာ ချေးငွေရယူသည့်စနစ်ဖြစ်သည်။ ထို့အတွက် လုပ်ငန်းရှင်မှ အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်မဆပ်နိုင်ပါက မြန်မာ့အာမခံလုပ်ငန်းက ချေးငွေ၏ ၆ဝ ရာခိုင်နှုန်းကို ဝင်ရောက်ပေးဆပ်ပေးမည်ဖြစ်သည်။ သို့အတွက် ဘဏ်များက ချေးငွေ ပြန်လည်ရရှိနိုင်ခြေ ၆ဝ ရာခိုင်နှုန်း ကျိန်းသေပေါက်အာမခံရှိခြင်းဖြစ်သည်။
''တရားဝင်ထုတ်ပြန်ပေးလိုက်တာဖြစ်တဲ့အတွက် ဘဏ်တွေဘက်မှာ ပိုပြီး လုံခြုံမှု ရှိသွားတာပေါ့။ အရင်းအနှီး လုံလောက်မှုအချိုးအတွက် စိုးရိမ်ဖို့မလိုတော့တဲ့ အနေအထားလည်း ဖြစ်သွားတယ်။ တစ်ခုပဲ ၄ဝ ရာခိုင်နှုန်းဆိုတာကိုလည်း အရှင်သဘော ဖြစ်စေချင်တယ်''ဟု ဦးသန်းလွင်က ပြောသည်။
ဘဏ်များသည် အမှန်တကယ် ချေးငွေပြန်ဆပ်ရန်သေချာသည့် လုပ်ငန်းရှင်များကို ချေးငွေပိုမိုထုတ်ပေးလိုသည့်ဆန္ဒ ဖြစ်ပေါ်လာပါက ၎င်းသတ်မှတ်နှုန်းကိုလည်း အလျှော့အတင်းသဘောဖြင့် ဆောင်ရွက်နိုင်ပါက ပိုမိုအဆင်ပြေစေနိုင်သည်ဟုလည်း ၎င်းက ပြောသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် CGI ဖြင့် ငွေချေးပေးသည့် ဘဏ်များအနက် စီဘီဘဏ်က အများဆုံးဖြစ်သည်ဟု မြန်မာ့အာမခံလုပ်ငန်းမှ အမည်မဖော်လိုသောအရာရှိတစ်ဦးက ပြောသည်။ သို့ရာတွင် ပုဂ္ဂလိက ဘဏ်အားလုံးက စုစုပေါင်း CGI ဖြင့် ငွေချေးခွင့်ရထားသူမှာ လုပ်ငန်းရှင် ၅ဝဝ ဝန်းကျင်ခန့်သာ ရှိသေးသည်ဟုလည်း ၎င်းက ပြောသည်။
Myanmar Times