မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ် ၁၃ ခုကို သွင်းကုန်လုပ်ငန်းများကို ကုန်သွယ်မှုအတွက် ငွေချေးခြင်းနှင့် ငွေထောက်ပံ့ခြင်းဝန်ဆောင်မှု (Trade financing) လုပ်ခွင့်ပေးရန်ဗဟိုဘဏ်က ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားခဲ့သည်။
ဗဟိုဘဏ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ထိုဝန်ဆောင်မှုကို ပို့ကုန်လုပ်ငန်းများအတွက် နိုင်ငံခြားဘဏ်များကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီးဖြစ်ကာ ယခုအခါ သွင်းကုန်လုပ်ငန်းများအတွက်ပါ ထပ်မံတိုးချဲ့လုပ်ခွင့်ပေးခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ခွင့် လိုင်စင်ချပေးထားသည့် နိုင်ငံခြားဘဏ်ခွဲများကို လုပ်ကိုင်ခွင့်ပေးရာတွင် ပြည်တွင်းဘဏ်များနှင့် တန်းတူအားလုံး လုပ်ခွင့်ပေးမထားသေးဘဲ ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက်သာ ငွေချေးခွင့်နှင့် နိုင်ငံခြားကုမ္ပဏီများအတွက် ငွေချေးခွင့်သာ ပေးထားခြင်းဖြစ်သည်။
''ဒီမူဝါဒဟာ ကောင်းတဲ့မူဝါဒပါ''ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောကြားခဲပါသည်။
''ငွေရေးကြေးရေးမှာ အမာခံငွေကြေး အမေရိကန်ဒေါ်လာတို့၊ ဘာတို့ကို ထိန်းလို့ရတာပေါ့။ ပြီးတော့ ပြည်တွင်းကိုဝင်လာတဲ့ နိုင်ငံခြားငွေကြေးစီးဝင်မှုကိုလည်း ဖွင့်ပေးလိုက်သလို ဖြစ်သွားတဲ့အတွက် ငွေရေးကြေးရေး အခက်အခဲကိုလည်း ကျော်လွှားနိုင်လိမ့်မယ်လို့ ထင်တယ်။ ငွေဖောင်းပွမှုကိုလည်း ထိန်းနိုင်လိမ့်မယ်လို့ထင်တယ်။ ဒီဟာက အားလုံးအတွက် အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်''ဟု သူက ဆက်ပြောသည်။
သွင်းကုန်လုပ်ငန်းရှင်များအတွက် ငွေချေးပေးပါက ပစ္စည်းများတင်သွင်းရာတွင် ပိုမိုလွယ်ကူလာမှာဖြစ်ပြီး ပစ္စည်းတန်ဖိုးဈေးနှုန်းမှာလည်း ပိုကျနိုင်သည့် အလားအလာကောင်းမှုလည်း ပိုရှိလာမည်ဟု ၎င်းက သုံးသပ်သည်။
သို့သော် နိုင်ငံခြားဘဏ်များအနေဖြင့် လွယ်လွယ်ကူကူ ထင်သလိုပေးမှာမဟုတ်ဘဲ စိတ်ချယုံကြည်ရမည့် သွင်းကုန်လုပ်ငန်းကုမ္ပဏီများကိုသာ ပေးနိုင်ကြောင်း၊ မည်သို့ဆိုစေထိုဝန်ဆောင်မှုသည် အခွင့်အရေးကောင်းဖြစ်လာမည်ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
Myanmar Ttimes