Roland Berger မှ မြန်မာနိုင်ငံ စီးပွားရေးနယ်ပယ်ကို ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်တို့မှာ စစ်တမ်းကောက်ယူခဲ့ပြီး တွေ့ရှိချက်များကို နှိုင်းယှဉ်ပြီး စစ်တမ်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။
လာမယ့် ၁၂ လအတွင်းမှာ တိုးတက်ကောင်းမွန်ပြီး အကောင်းဘက်ကို ရောက်သွားမလားဆိုတာကို ထင်မြင်ချက်ပေးကြတာမှာ ၂၀၁၆ ခုနှစ်က ကောင်းမွန်မယ်လို့ ယူဆသူ ရ၄% ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် မှာတော့ ၄၉% သာ ရှိပါတော့တယ်။
အဲဒီစစ်တမ်းက ရခိုင်ပြည်နယ် အရေးကိစ္စ မပေါ်ခင်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ရခိုင်အရေးကိစ္စ မတည်ငြိမ်မှုနဲ့ နိုင်ငံတကာရဲ့ ဖိအားပေး တုံ့ပြန်မှုတွေ ပေါ်ပေါက်နေတာကြောင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူ အသစ်တွေ နှောင့်နှေးဖွယ်ရာ ရှိနေပါတယ်။
စီးပွားရေးပိုင်း ယုံကြည်စိတ်ချမှုလည်း စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးမှာ ၂၀၁၆ ခုနှစ်ကထက် လျော့ကျပါတယ်။
သက်မွေးပညာပိုင်း ၀န်ဆောင်မှုနယ်ပယ်မှာ ၁၄%၊ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ ၃၂% လျော့ကျသွားတယ်။
ပြည်တွင်းလုပ်ငန်းများ ကြီးစိုးနေပြီး ပြည်ပမှ ဖက်စပ်လုပ်ငန်းများကို အသည်းအသန် ယှဉ်ပြိုင်နေရတဲ့ လက်လီအရောင်းကဏ္ဍမှာတော့ ၄၃% လျော့ကျပါတယ်။
ကုမ္ပဏီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေမှာ အဓိကကျတဲ့ လေးခုကို စစ်တမ်းမှာ တင်ပြထားတယ်။
ကျွမ်းကျင်ဝန်ထမ်း ရှားပါးခြင်း၊ အစိုးရရဲ့ စီးပွားရေး မူဝါဒ ရှင်းလင်းပြတ်သားမှု မရှိခြင်း၊ ဥပဒေပိုင်းမှာ ကြိုတင်ခန့်မှန်းလို့မရတဲ့ ၀န်းကျင်ဖြစ်နေခြင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းတာနဲ့ပတ်သက်လို့ မခန့်မှန်းနိုင်ဘဲ အတပ်ပြောရခက်ခြင်းတို့ ဖြစ်ပါတယ်။
အဲဒီရောဂါလက္ခဏာတွေ ရှိနေတာကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ဖို့ နှေးကွေးနေစေပါတယ်။ ပြည်တွင်းကုမ္ပဏီတွေရဲ့ ကျေနပ်အားရမှုဟာ ၂၀၁၆ ခုနှစ်မှာ ၅၈% ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၃၇% သို့ လျော့ကျသွားပါတယ်။
ဒါပေမဲ့ ပြည်တွင်း ကုမ္ပဏီတွေမှာ တိုးချဲ့ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်တွေ ရှိနေပါတယ်။
မနှစ်ကထက်တော့ နှေးကွေးလိမ့်မယ်။
ကျွမ်းကျင်ဝန်ထမ်း အလုံအလောက် မရှိခြင်းကို ရင်ဆိုင်နေကြရတဲ့ ပြည်တွင်း ကုမ္ပဏီတွေမှာ ရ၂% က သင်တန်းပေးဖို့နဲ့ ၀န်ထမ်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာ ၀န်ထမ်းတွေ အလုပ်မှ ထွက်မသွားအောင် ထိန်းပေးထားမယ့် လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးဖို့ လိုပါလိမ့်မယ်။
စစ်တမ်းမှာ ဖော်ပြထားတာမှာ ၀န်ထမ်းတွေမှာ ၈၀% ဟာ အလုပ်မှာ ပျမ်းမျှအားဖြင့် လုပ်သက် ၃ နှစ်သာ တည်တံ့တာ တွေ့ရတယ်။
ဒီတော့ အလုပ်ထွက်တာ အလုပ်ပြောင်းတာ မြင့်မားနေတဲ့အပြင် ပြည်ပထွက်ခွာ လုပ်ကိုင်ခြင်းများလည်း များပြားနေပါတယ်။
အဲဒါကြောင့် ၀န်ထမ်းတွေကို တစ်ဖက်မှာ သင်တန်းပေး၊ အဆင့်မြှင့်ပေးပြီး အခြားတစ်ဖက်မှာတော့ ကုမ္ပဏီမှ စွဲမြဲအောင် လုပ်ထုံးလုပ်နည်းတွေ ရှိနေဖို့ လိုပါလိမ့်မယ်။
ကုမ္ပဏီတွင်းမှာ အားမွေးထားတာထက် ပြင်ပရင်းမြစ်မှ ရယူသုံးစွဲတဲ့ဓလေ့ ဖြစ်တဲ့ gig economy ပုံစံမျိုးတွေလည်း တွေ့နေရပါတယ်။
အချိန်ပြည့်ဝန်ထမ်းအစား ပြင်ပကို ပုတ်ပြတ်ဖြင့် အလုပ်အပ်နှံ လုပ်ကိုင်ခြင်းဖြင့် ၀န်ထမ်းကို လိုအပ်သည့်အချိန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လစာပေးနေရတဲ့အပြင် ၀န်ထမ်းရဲ့ ကရိကထတွေအတွက် စရိတ်စကတွေပါ ကုန်ကျဖို့ မလိုတော့ပါဘူး။
အဲဒါကြောင့် စရိတ်သက်သာတဲ့နည်းလမ်းကို ရွေးချယ်မှုတွေ ရှိနေပါပြီ။
စမတ်ဖုန်းမှာ အလုပ်ခိုင်းလိုသူတွေနဲ့ အလုပ်လုပ်လိုသူတို့ကို ချိတ်ဆက်ပေးမယ့် အက်ပ်တွေ လာမယ့် ငါးနှစ်အတွင်း ပေါ်ပေါက်လာနိုင်ပါတယ်။
Uber နဲ့ Grab လို ပြည်ပလုပ်ငန်းမှ ပြည်တွင်း လုပ်သားဈေးကွက်ထဲ ၀င်ရောက်လုပ်ကိုင်တာမျိုးဖြစ်လာနိုင်ပါတယ်။
စီးပွားရေး ကြီးထွားဖို့ အစိုးရမှ အရေးကြီးကိစ္စအဖြစ် လုပ်ကိုင်ဖို့ ပုဂ္ဂလိက စီးပွားရေး အသိုင်းအဝန်းမှ အဆိုတင်ပြတာမှာ တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးကို အများစုက တင်ပြထားကြပါတယ်။
ဒါပေမဲ့ လူဦးရေရဲ့ ၃၅% သာ ပင်မဓာတ်အားလိုင်းမှ ဓာတ်အား ရရှိသေးတဲ့ အခြေအနေဖြစ်လို့ မမျှော်လင့်အပ်တဲ့အရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။