သဘာဝဓာတ်ငွေ့တင်ပို့မှု ကန်ဒေါ်လာသန်း ၃၀၀ နီးပါး လျော့ကျ


31 January, 2019

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ပမာဏမှာ ယခင်ဘဏ္ဍာနှစ်အောက် အမေရိကန်ဒေါ်လာသန်း ၂၈၈ သန်းကျော် လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယခင်ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု ကုဗပေသန်း ၁၁၅ သန်းရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၁၅ သန်း ရရှိခဲ့ကြောင်း၊ ယခုနှစ်တွက်မူ ကုဗပေ သန်း ၆၃ သန်းကျော် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ၆၂၇ သန်းကျော်ရရှိခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။"သဘာဝဓာတ်ငွေ့က နိုင်ငံတကာပေါက်ဈေးအတိုင်းပဲ ဖြစ်တယ်။ နောက်တစ်ခုက ရေနံဈေးအတက်အကျနဲ့လည်းဆိုင်တော့ ကမ္ဘာမှာဈေးကျတဲ့အခါ ဒီဘက်မှာရတဲ့ ပို့ကုန်ပမာဏတွေလည်း လျော့ပါတယ်" ဟု ယင်းဝန်ကြီးဌာန၏အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ရောင်းချရာတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီများနှင့် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် စာချုပ်ချုပ်ဆိုရောင်းချခြင်းဖြစ်ပြီး နှစ်စဉ်ကုဗပေသန်း ထောင်နှင့်ချီ ရောင်းချလျက်ရှိသည်။ယခင်နှစ်များက သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် အချို့သောလုပ်ကွက်များတွင် အထွက်နှုန်းလျော့ကျလာပြီးနေ့စဉ် ကုဗပေသန်း ၄၀၀ ရောင်းချရာမှ ကုဗပေသန်း ၂၀၀ ကျော်ကိုရောင်းချရသည့် အခြေအနေများရှိကြောင်း၊ကမ္ဘာ့ဈေးကျခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းကြောင့် ပြည်ပတင်ပို့မှု လျော့ကျခြင်းဖြစ်နိုင်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းထံမှ သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်တွင် ပုဂ္ဂလိကပိုင် ဓာတ်ငွေ့လုပ်ကွက် ၅၀ ကျော်ရှိပြီး ကမ်းလွန်လုပ်ကွက်မှာ ၂၇ ကွက်ရှိကြောင်း၊ နိုင်ငံ၏ GDP တစ်ဝက်မှာ သဘာဝဓာတ်ငွေ့ ရောင်းချခြင်းမှရရှိသော ဝင်ငွေများဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

The Voice

Export, Import Read 442 times