Lotus လက်လီစတိုးဆိုင်များလုပ်ငန်းကို Siam Makro နှင့် ပေါင်းစပ်


03 September, 2021

ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးဖြစ်သူ Dhanin Chearavanont နဲ့ မိသားစု ပိုင်ဆိုင်တဲ့ Charoen Pokphand Group က ၎င်းရဲ့ လက်လီအရောင်းဆိုင်လုပ်ငန်းများကို ပေါင်းစည်းလျက် ရှိရာ  Lotus အရောင်းဆိုင်များလုပ်ငန်းမှ ကုမ္ပဏီ ပိုင်ဆိုင်တဲ့ ရှယ်ယာများကို Siam Makro ထံ ရောင်းချလိုက်ပါတယ်။ Siam Makro ကလည်း CP လုပ်ငန်းစုကြီးရဲ့ ထိန်းချုပ်မှာအောက်မှာ ရှိပါတယ်။

အခုလို ရှယ်ယာတွေ လက်ပြောင်းပေးလိုက်တာမှာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး cash-and-carry stores လုပ်ကိုင်တဲ့ အော်ပရေတာ Siam Makro က Lotus မှာ CP Retail Holding ပိုင်ဆိုင်ထားတဲ့ ရှယ်ယာ ၇၈% ကို ဘတ် ၂၁၈ ဘီလျံဖြင့် ဝယ်ယူပါတယ်။ ဝယ်ယူမှုအတွက် ပေးချေရမယ့်ငွေ ရရှိဖို့ CP Retail ရှယ်ယာပိုင်ရှင်တွေကို တစ်ရှယ်ယာ လျှင် ၄၃.၅၀ ဘတ်ဖြင့် ရှယ်ယာစုစုပေါင်း၅ ဘီလျံ ထုတ်ရောင်းမှာ ဖြစ်ကြောင်း Siam Makro က အသိပေးပြောကြားပါတယ်။ CP Retail ရှယ်ယာပိုင်ရှင်တွေမှာ CP All, Charoen Pokphand Holding Co. နဲ့ CP Merchandising Co. တွေလည်း အကျုံးဝင်ပါတယ်။

 ရှယ်ယာ လက်ပြောင်းတဲ့ကိစ္စ ပြီးမြောက်တဲ့အခါ CP Group လုပ်ငန်းခွဲတွေကလည်း Siam Makro မှာ ပါဝင်ထားတဲ့ သူတို့ရဲ့ ရှယ်ယာတွေ ရောင်းချပေးမှာ ဖြစ်ပါတယ်။
အခုလို Lotus ကို Siam Makro လက်ထဲ ထည့်ပေးပြီး ကုမ္ပဏီရဲ့ ရေရှည်မဟာဗျူဟာ ဖြစ်တဲ့ ထိုင်းနဲ့ မလေးရှား တို့မှာ လက်လီလက်ကား အရောင်းစီးပွားရေးမှာ ဦးဆောင်နေရာ ရရှိရေးကို တကယ်ဖြစ်လာစေဖို့ ‌ခြေလှမ်း လှမ်းလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်းမှ ပြိုင်ဘက်များကို ယှဉ်နိုင်ဖို့ အားတောင့်တင်းအောင် အကွက်ရွေ့လိုက်တာ ဖြစ်ပါတယ်။
Lotus က ထိုင်းမှာ လက်လီအရောင်းဆိုင် ၂,၀၀၀ ခန့်ရှိပြီး မလေးရှားမှာ ၆၂ ဆိုင် ရှိပါတယ်။ Siam Makro က ထိုင်းမှာ အရောင်းဆိုင် ၁၃၇ ခု ရှိပါတယ်။
အခုလို ပေါင်းစည်းပြီးသွားတဲ့အခါ e-commerce ကုန်စုံဆိုင် ပလက်ဖောင်းကို အရှေ့တောင်အာရှမှာ လုပ်ကိုင်ပြီး ပြိုင်ဘက် နိုင်ငံတကာလုပ်ငန်ူများကို ထိထိရောက်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အခုလို ပေါင်းစည်းပေးနိုင်ဖို့အတွက် ဗြိတိသျှ လက်လီအရောင်းလုပ်ငန်း Tesco ရဲ့ လက်ထဲ ရောက်နေတဲ့Lotus ကို CP Group က အမေရိကန်ဒေါ်လာ ၁၀.၆ ဘီလျံဖြင့် ပြန်လည်ဝယ်ယူခဲ့တယ်။ ကိုဗစ် စတင်ပျံ့နှံ့ခါစ မတ်လ ၂၀၂၀ ခုနှစ်မှာ ပြန်ဝယ်ခဲ့တာ ဖြစ်ပါတယ်။
CP Group က ၁၉၉၄ ခုနှစ်မှာ Lotus ကို Lotus Supercenter အမည်ဖြင့် ထူထောင်ခဲ့ပါတယ်။ ကုန်စုံဆိုင်တွေ ဟိုက်ပါမားကက်တွေ ဖွင့်လှစ် လုပ်ကိုင်တာမှ အာရှငွေကြေး အကျပ်အတည်း ပေါ်ပေါက်တဲ့အခါ ဆက်မလုပ်နိုင်တော့လို့ ၁၉၉၈ ခုနှစ်မှာ Tesco ထံ ထိုးရောင်းခဲ့ရပါတယ်။ အခု မူလပိုင်ရှင်လက်ထဲ ပြန်ရောက်သွားတယ်။

Dhanin Chearavanont က CP Group ရဲ့ ဝါရင့်ဉက္ကဋ္ဌဖြစ်ပြီး သူတို့ ညီအစ်ကို လေးယောက်ရဲ့ စည်းစိမ်ချမ်းသာကို အဓိကအားဖြင့် CP Group မှ ရရှိပါတယ်။ CP Group ကမ္ဘာ့အကြီးမားဆုံး မွေးမြူရေးအစာ လုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင် Chia Ek Chor နဲ့ ဖခင်ရဲ့ညီ Choncharoen Chiaravanon တို့က စီးပွားရေးလုပ်ငန်းကို ၁၉၂၁ ခုနှစ်မှာ မျိုးစေ့အရောင်းဆိုင်လုပ်ငန်းဖြင့် စတင်ခဲ့ကြတယ်။ တရုတ်နိုင်ငံမှ တင်သွင်းတဲ့ မျိုးစေ့တွေကို ထိုင်းလယ်သမားတွေထံ ပြန်ရောင်းချကြတယ်။ 
ယခုအခါ CP Group က ထိုင်းနိုင်ငံတစ်လွှားမှာ 7-11 စတိုးဆိုင်တွေ ပိုင်ဆိုင်ထားတယ်။ မိုဘိုင်းအော်ပရေတာ  True Corp ကိုလည်း ချုပ်ကိုင်ထားတယ်။ အိမ်ခြံမြေလုပ်ငန်းလည်း လုပ်ကိုင်ပါတယ်။ 
CP Group ရဲ့  ဝါရင့်ဉက္ကဋ္ဌဖြစ်ပြီး စီအီးအိုအဖြစ် ၄၈ နှစ် လုပ်ကိုင်ခဲ့သူ  အသက် ၈၂ နှစ်ရှိ Dhanin က ၂၀၁၇ ခုနှစ်မှာ တာဝန်များမှ အနားယူးခဲ့ပါတယ်။ သူ့ရဲ့ အကြီးဆုံးသား Soopakij က ဉက္ကဋ္ဌ တာဝန်ယူထားပြီး အငယ်ဆုံးသား Suphachai က စီအီးအိုအဖြစ် တာဝန်ယူထားပါတယ်။ 
Dhanin တို့ ညီအစ်ကို လေးယောက်ရဲ့ ကြွယ်ဝမှု ပမာဏက ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ထိုင်း အချမ်းသာဆုံး လူ ၅၀ စာရင်းအရ အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀.၂ ဘီလျံ ရှိပါတယ်။ 

forbes.com
 

Global News Read 638 times