မြန်မာနိုင်ငံ ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးဈေးကွက်သည် ပမာဏအားဖြင့် ဈေးကွက်ငယ်တစ်ခုသာဖြစ်ခဲ့သော်လည်း လေကြောင်းလိုင်း ၁၁ လိုင်းက အပြိုင်ပျံသန်းပြေးဆွဲနေကြသဖြင့် မှားယွင်းနေသော ဈေးကွက်တခုဖြစ်ပါတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ကပြောကြားခဲ့ပါတယ်။
ဧပြီ ၃ဝ ရက်က ပြုလုပ်ခဲ့သည့် မြန်မာအမျိုးသားများ လေကြောင်းလိုင်းများ အဖွဲ့ (Myanmar Sky Alliance) ဖွဲ့စည်းသည့်အခမ်းအနားတွင် ထည့်သွင်းပြောဆိုခြင်းလဲ ဖြစ်ခဲ့ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော စင်ကာပူတွင် လေကြောင်းလိုင်းလေးခု၊ ဗီယက်နမ်တွင် သုံးခု၊ မလေးရှားတွင် လေကြောင်းလိုင်း ခြောက်ခုသာရှိခဲ့ပါတယ်။မြန်မာစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်သော ဒေသတွင်းရှိသည့် လေကြောင်းလိုင်းအရေအတွက်ထက် မြန်မာ၏ လေကြောင်းလိုင်း အရေအတွက် မှာ ပိုမိုများပြားနေသည့် သဘောလဲဖြစ်ခဲ့ပါတယ်။ဈေးကွက်ကျဉ်းကျဉ်းလေးပေါ်မှာ လေကြောင်းလိုင်း ၁၁ ခုပြိုင်နေကြပါတယ်။
မြန်မာအမျိုးသားများ လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်သည့် ကနဦးခြေလှမ်းအဖြစ် ဖွဲ့စည်းခဲ့ခြင်းက ထိုအဖွဲ့ကို နိုင်ငံပိုင်ကော်ပိုရေးရှင်းဖြစ်သော မြန်မာအမျိုးသားလေကြောင်း (အမ်အင်န်အေ)နှင့် မန်းရတနာပုံလေကြောင်းတို့ အကျိုးတူပူးပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်ခဲ့ပြီး အဆိုပါလေကြောင်းလိုင်းများသည် နှစ်ဖက်အကျိုးတူပူးပေါင်းပြီး ပြည်တွင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်းသိခဲ့ရပါတယ်။
ယခင်က ခရီးစဉ်တစ်ခုတည်းကို လေယာဉ်လိုင်းနှစ်ခုက လေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲနေသည့်အစား လေယာဉ်တစ်စင်းတည်းဖြင့် ပူးပေါင်းပြေးဆွဲခြင်းကို ပြောင်းလဲဆောင်ရွက်ခြင်းလဲ ဖြစ်ခဲ့ပါတယ်။ ထိုခရီးသည်က သူတို့လေကြောင်းနှစ်ခု၏ မည်သည့်လေကြောင်းလိုင်းထံမှ လက်မှတ်ကို ဝယ်ယူ သည်ဖြစ်စေ ၎င်းတို့က ဝန်ဆောင်မှုပေးမည် ဖြစ်ပါတယ်လို့သိခဲ့ရပါတယ်။
၎င်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကုန်ကျစရိတ်များလျှော့ချနိုင်ပြီး ခရီးစဉ်အချိန်နှင့် ခရီးစဉ်အရေအတွက်များ တိုးချဲ့နိုင်မည်ဟု လေကြောင်းလိုင်းမှတာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။
လေကြောင်းလိုင်းများသည် လုပ်ငန်းလည်ပတ်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းပြီး ခရီးစဉ်များ ပျံသန်း ပြေးဆွဲရေးအစီအစဉ်မှာ လွယ်ကူသော အစီအစဉ်တစ်ရပ်မဟုတ်ဘဲ ညိနှိုင်းမှု့များ ပြုလုပ်ရသည်ဟု ပြည်တွင်းလေကြောင်းလိုင်းအချို့၏ တာဝန်ရှိသူများက ပြောကြားချက်အရ သိခဲ့ရခြင်းဖြစ်ခဲ့ပါတယ်။
''အခုလို ပေါင်းဖို့ဆိုတာ တော်တော်ကို ခဲယဉ်းပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ကြိုးစား ခဲ့ကြပြီး Operation အပိုင်း၊ Commercial အပိုင်းတွေ ကြိုးစားရတယ် တော်တော်လေးကို အချိန်ပေး ဆောင်ရွက်ခဲ့ရတယ်''ဟု မြန်မာအမျိုးသားလေကြောင်းမှ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက ပြောဆိုခဲ့ပါတယ်။
ကမ္ဘောဇလုပ်ငန်းစု တစ်ခုတည်းအောက်မှ Air KBZ နှင့် MAI လေကြောင်းလိုင်း နှစ်လိုင်းသည် Codeshare Agreement ဆောင်ရွက်ထားခဲ့ပြီး Air KBZ သည် FMI နှင့် Codes-hare Agreement ယခင်က လုပ်ခဲ့ဖူးသောကြောင့် ထိုလေကြောင်းလိုင်း နှစ်ခုအကြား Codes-hare Agreement ဆက်လက်၍ ဆောင်ရွက်ရန်လည်း ဆွေးနွေးနေသည်ဟု Air KBZ နှင့် MAI လေကြောင်းလိုင်းတို့၏ အထွေထွေမန်နေဂျာ ပြောဆိုချက်အရလဲ သိခဲ့ရခြင်း ဖြစ်ခဲ့ပါတယ်။
''ဒီလိုလုပ်တာက လေကြောင်းလိုင်းတွေအတွက် အထောက်အပံ့ဖြစ်ပါတယ်။ အရှုံးသက်သာတယ်'' ဟု ၎င်းကဆက်လတ်ပြောကြားခဲ့ပါတယ်။
လွန်ခဲ့သော လေးနှစ်ခန့်က ဂျပန်နိုင်ငံက ANA လေကြောင်းလိုင်းသည် မြန်မာနိုင်ငံက Asia Wings လေကြောင်းလိုင်း၏ ရှယ်ယာများကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းခဲ့ပါတယ်။သို့သော်နိုင်ငံတွင်းရှိ လေကြောင်းလိုင်းတို့အကြား ပြိုင်ဆိုင်မှုပြင်းထန်နေခြင်းကို အကြောင်းပြု၍ ဝယ်ယူရန်လက်လျှော သွားခဲ့ခြင်းလဲဖြစ်ခဲ့ပါတယ်။
လေးလိုင်း၊ ငါးလိုင်းလောက်သာ လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းဈေးကွက်ကြီးက တော်တော် တောင့်တောင့်တင်းတင်းဖြစ်သွားမယ့်အခြေအနေရှိပါတယ်ဟု မြန်မာအမျိုးသား လေကြောင်းအမှု ဆောင်အရာရှိချုပ် ဦးသန်းထွန်းက ပြောကြားချက်မှလည်း သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။
မြန်မာတိုင်းမ်