ထိုင်းနိုင်ငံရဲ့ ပမာဏအားဖြင့် ဒုတိယအကြီးမားဆုံး liquefied petroleum gas (LPG) ကုန်သွယ်မှု လုပ်ငန်း Siamgas and Petrochemical (SGP) အနေဖြင့် ယခုနှစ်အတွင်းမှာ ကမ္ဘာ့ LPG ဈေးနှုန်း မြင့်တက်နေတာကြောင့် ရောင်းအား နည်းနေပေမဲ့ ဝင်ငွေ မြင့်တက်ဖို့ မျှော်မှန်းထားတယ်။
SGP က မြန်မာနိုင်ငံမှာ ၂၃၀ မီဂါဝပ် မော်လမြိုင် ဓာတ်ငွေ့မီးဖြင့် ဓာတ်အားထုတ်လုပ်ရေး စက်ရုံနဲ့ ၁၀ မီဂါဝပ် ဒီဇယ်မီးဖြင့် ဓာတ်အားထုတ်လုပ်ရေး စက်ရုံတို့ကို လုပ်ကိုင်ပါတယ်။
SGP က ၂၀၁၉ ခုနှစ်မျာ စံချိန်တင် ဝင်ငွေအဖြစ် ဘတ် ၆၉.၄ ဘီလျံ ရရှိခဲ့တယ်။ ၂၀၁၈ ခုနှစ်တုန်းက ဘတ် ၆၉.၁ ဘီလျံ ရရှိခဲ့တယ်။
တွဲဘက် ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ဘဏ္ဍာရေး အရာရှိချုပ်ဖြစ်သူ Jintana Kingkaew က ကုမ္ပဏီဝင်ငွေ မျှော်မှန်းချက်ကို ပရိုပိန်းနဲ့ ဗြူတိန်း ကမ္ဘာ့ဈေးနှုန်းများအပေါ် အခြေခံပြီး ကြိုတင်ခန့်မှန်းထားတယ်လို့ ရှင်းပြပါတယ်။ အဲဒီဈေးနှုန်းတွေကု Saudi Aramco ရည်ညွှန်းဈေးနှုန်းများလို့လည်း ခေါ်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က တစ်တန်ကို ကန်ဒေါ်လာ ၃၉၀-၄၀၀ ရှိခဲ့ပြီး ယခု တစ်တန်ကို ကန်ဒေါ်လာ ၅၀၀-၆၀၀ အထိ မြင့်တက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ပျမ်းမျှ တစ်တန် ကန်ဒေါ်လာ ၄၃၈ ရှိခဲ့ပါတယ်။
တတိယနဲ့ စတုတ္ထ သုံးလပတ်တွေမှာ ကြိုတင်အဝယ်တွေထံမှ ဝင်ငွေတိုးဖို့ မျှော်မှန်းထားတယ်လို့ Mrs Jintana က ပြောပါတယ်။ တရုတ်၊ စင်ကာပူနဲ့ မလေးရှားတို့မှာ လော့ဒေါင်းတွေ ဖြေလျော့လာနေတာကြောင့်လည်း ဝယ်လိုအား ပိုများလာမယ်လို့ မျှော်မှန်းထားပါတယ်။ SGP ရဲ့ အရောင်းဝင်ငွေ စုစုပေါင်းရဲ့ ၃၀% ကို ထိုင်းပြည်တွင်း အရောင်းမှ ရရှိပြီး ကျန်တဲ့ ၇၀% ကိုတော့ တရုတ်၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့မှ ရရှိပါတယ်။
ရေရှည်အတွက် liquefied natural gas (LNG) တင်သွင်းခြင်းနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့ကို ခက်ဖြာလုပ်ကိုင်သွားဖို့ စိတ်ဝင်စားမှု ရှိကြောင်း Mrs Jintana က ပြောကြားခဲ့ပါတယ်။ ယခင်က LNG ပို့ဆောင်ခြင်းကို အမျိုးသား ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းစုကြီး PTT Plc ကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့ပြီး ယခုအခါ အာဏာပိုင်တို့က ဖြေလျော့ပေးပြီး လုပ်ကိုင်ခွင့် ပေးလိုက်တာကြောင့် LNG စီးပွားရေး လုပ်ကိုင်ရန် ဖြစ်နိုင်ခြေကို SGP က စူးစမ်းလေ့လာနေပါတယ်။
bangkokpost.com