စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ကျေးလက်နှင့် မြို့ပြ မီးဖိုချောင်သုံးကဏ္ဍတွေမှာ ရေနံဓာတ်ငွေ့ရည် (LPG) ကို မဟာဗျူဟာမြောက်စွမ်းအင်အဖြစ် အသုံးပြုနိုင်ရန် မျှော်မှန်းဆောင်ရွက်နေတယ်လို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်ကပြောပါတယ်။
နိုင်ငံအတွင်း LPG ကို ကျယ်ပြန့်စွာသုံးစွဲနိုင်ပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ပြီး ထင်းမီးအစား သုံးစွဲနိုင်တာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ပါတယ်။ ဝန်ကြီးဌာနက ၂၀၁၈ မှာ အိမ်ထောင်စုတစ်သိန်းခွဲကို LPG ဖြန့်ဖြူးခဲ့ပြီး ၂၀၂၀ ရောက်ရင်တော့ အိမ်ထောင်စု တစ်သန်းအထိ ဖြန့်ဖြူးနိုင်ဖို့ ရည်မှန်းထားပါတယ်။
LPG ကဏ္ဍမှာ အစိုးရပါဝင်မှုလျှော့ချပြီး နောက်ပိုင်း ပုဂ္ဂလိကကဏ္ဍ အပြည့်အဝကူးပြောင်းဖို့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ LPG ကို အိမ်သုံးလုပ်ငန်းများသာမက စက်မှုလုပ်ငန်းများပါ အသုံးပြုနိုင်ရန်ဆောင်ရွက်နေပြီး ယာဉ်များမှာပါ အသုံးပြုနိုင်ရန် အလိုအလျောက် ဖြည့်ပေးတဲ့ဆိုင်များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေပါတယ်။
လက်ရှိတွင် LPG သုံးစွဲရေးနဲ့ ပတ်သက်ပြီး ဥပဒေနှင့်နည်းဥပဒေများ ရေးဆွဲဆောင်ရွက်နေပေမယ့်လည်း LPG ဖြည့်သွင်းနိုင်တဲ့ ဆိုင်များနည်းပါးခြင်းနဲ့ နေရာအနှံ့ပေးပို့တဲ့စနစ် အားနည်းခြင်းတို့ရှိနေပါတယ်။ ဝန်ကြီးဌာနက LPG ကို ၂၀၁၆ မှာ ထိုင်းနိုင်ငံမှ စတင် တင်သွင်းခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာကုန်မှာ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုနဲ့ ရတနာကုမ္ပဏီတို့ကို ရောင်းချခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ LPG ဓာတ်ငွေ့ရည်လိုအပ်ချက် နှစ်စဉ် တန်ချိန်တစ်သိန်းခန့်ရှိပါတယ်။ LPG ဟာ အိမ်သုံးချက်ပြုတ်ရန် သင့်လျော်ပြီး CNG ဓာတ်ငွေကတော့ မော်တော်ယာဉ်များအတွက် လောင်စာအဖြစ်သင့်လျော်ပါတယ်။
7day daily
Myanmar Industry Directory