ဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များတွင်ပါ ထည့်သွင်း သုံးနိုင်ရန် စီစဉ်နေ


13 October, 2018

ရေနံဓာတ်ငွေ့ရည် (Liquefied Petroleun Gas –LPG)ကို မော်တော်ယာဉ်များတွင်ပါ သုံးစွဲသည်အထိ အသုံးပြုမှုတွင်ကျယ်စေရန် စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ အောက်တိုဘာလ ၁၁ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။

ဦးသန့်စင်က“ဂျပန်တို့ ထိုင်းတို့မှာက အငှားယာဉ် အများစုဟာ LPG သုံးကြတာ။ အင်ဂျင်လည်း ပိုပြီး ကြာရှည်ခံတယ်။ သန့်လည်း သန့်တယ်။ ကျနော်တို့ နိုင်ငံမှာ အကြောင်းကြောင်းကြောင့် ဒါတွေကို မလုပ်နိုင်ခဲ့ကြဘူး။ ပြည်ထောင်စု ဝန်ကြီး ကလည်း ဒါကို လုပ်ဖို့ တိုက်တွန်းတယ်။ မူဝါဒ လမ်းညွှန်ချက်တွေလည်း ပေးပါတယ်။ ရန်ကုန်မှာ ဝန်ကြီးချုပ်ကြီးကို တင်ပြ တဲ့အခါ ဝန်ကြီးချုပ်ကြီးလည်း စိတ်ဝင်စားတယ်။ လုပ်စေချင်တယ်”ဟု ပြောသည်။


LPG သည် ဓာတ်ဆီထက် ဈေးသက်သာပြီး ဓာတ်ဆီနှင့် တန်းတူ မောင်းနှင်နိုင်သည့် အတွက် ရေရှည်တွင် အကျိုးများမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ အသုံးပြုနေသော CNG သည် ဓာတ်ငွေ့အနေဖြင့် ဘူးအတွင်း ထည့်ထားရသဖြင့် ပမာဏများ များ မသိုလှောင်နိုင်ကြောင်း၊ ရေနံဓာတ်ငွေ့ရည်သည် အရည်အနေဖြင့် သိုလှောင်ရသည့် အတွက် ပမာဏများများ သို လှောင်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။


လက်ရှိတွင် ပြည်တွင်းရှိ စက်သုံးဆီဆိုင်များအား ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချရန် ဖိတ်ခေါ်ထားပြီး မော်တော်ယာဉ် များအား LPG ဓာတ်ငွေ့အသုံးပြု မောင်းနှင်နိုင်ရေး ပြုပြင်မှု ပြုလုပ်ရန် အတွက်လည်း ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြု လုပ် နေကြောင်းလည်း ဦးသန့်စင်က ဆိုသည်။

၎င်းက ဆက်လက်၍ “LPG သုံးမယ် ဆိုရင် LPG အိုးတပ်ရမယ်။ ပြောင်းလဲတာ လုပ်ရမယ်။ ဒီလို လုပ်နိုင်အောင် လုပ်ချင် တဲ့သူ၊ ရင်းနှီးမြှုပ်နှံမယ့်သူ ရှာနေပါတယ်။ တနေ့က NPT ဆိုတဲ့ ကုမ္ပဏီ လာတယ်။ သူက LPG ကား ဘာညာ အရင်က လုပ်ခဲ့ဖူးတယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး။ ကျနော့်ဆီ ပြန်လုပ်ချင်တယ် လာဆွေးနွေးတယ်။ သူတို့ အခက်အခဲက နေရာ မရှိဘူး”ဟု ပြောသည်။

စက်ဆီသုံး မော်တော်ယာဉ်မှ LPG မော်တော်ယာဉ်အဖြစ်သို့ ပြောင်းလဲရာတွင် ကုန်ကျမည့်စရိတ်ကို ယာဉ်ပိုင်ရှင်က တလုံးတခဲတည်းပေးရန် အခက်အခဲရှိနိုင်သည့်အတွက် အရစ်ကျဖြင့် ပေးချေစေခြင်း ကဲ့သို့သော နည်းလမ်းများကိုလည်း ရင်းနှီးမြှုပ်နှံလိုသူ ကုမ္ပဏီများကို တွက်ချက် ခိုင်းထားကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းမှုများ ပြီးစီးပါက လုပ်ဆောင်မည့် စီမံချက်ကို ယခုနှစ်ကုန်ပိုင်းတွင် ကြေညာပေးနိုင်မည်ဟု ဦးသန့်စင်က ပြောဆိုသည်။


လက်ရှိ ပြည်တွင်း၌ LPG ကို ချက်ပြုတ်ရန် လောင်စာအနေဖြင့် အသုံးပြုမှုများကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်တွင် LPG ကို ကျေးရွာများ အထိ ရောက်ရှိရန် ဖြန့်ဖြူးမည် ဖြစ်ပြီး အိမ်ထောင်စု ၁ သန်း အထိ သုံးစွဲနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ဝန်ကြီးဌာန၏ LPG အသုံး တွင်ကျယ်ရေး လုပ်ဆောင်မှုသည် ထင်းမီးသွေး အသုံးပြုမှု၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကိုများစွာ လျှော့ချနိုင်မည်ဖြစ်သည့်အတွက် ကြိုဆိုကြောင်း ပြောသည်။

ယင်းသို့ လုပ်ဆောင်မည်ဆိုပါက ဈေးနှုန်းသက်သာစွာဖြင့် အများပြည်သူ သုံးစွဲနိုင်ရန် စီမံပေးသင့်ကြောင်းနှင့် ပုဂ္ဂလိက လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံ ခွင့်ပြုရာတွင်လည်း တဦးတဖွဲ့ကို လုပ်ကိုင်စေခြင်းထက် အပြိုင်အဆိုင် လုပ်ကိုင်နိုင်စေရန် ကုမ္ပဏီသုံးလေးခုအား ယှဉ်ပြိုင်လုပ်ကိုင်စေသင့်ကြောင်း ပြောဆိုသည်။


ပြည်တွင်း၌ LPG အသုံးပြုမှုအနေဖြင့် တလလျှင် တန်ချိန် ၆ ထောင်ခန့် ရှိပြီး အစိုးရစက်ရုံများက တန် ၈၀၀ ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ လိုအပ်သည်ကို ပုဂ္ဂလိက ကုမ္ပဏီများက ရေလမ်းမှ တန်ချိန် ၂၂၀၀၊ ကုန်းလမ်းမှ တန်ချိန် ၃၀၀၀ ခန့် တင်သွင်းလျက်ရှိကြောင်း ဝန်ကြီးဌာနက သိရသည်။

ရေနံ ဓာတ်ငွေ့ရည်တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လိုင်စင် ၆ မျိုးဖြင့်လည်း ကုမ္ပဏီ ၃၀ ခန့်နှင့် အရောင်းဆိုင် ၁ ထောင်ခန့်ကို အသီးသီး ခွင့်ပြုထုတ်ပေးထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။


LPG ကို ဈေးနှုန်း သက်သာစွာဖြင့် ဖြန့်ဖြူးနိုင်စေရန် သီလဝါမှ တန်ချိန် ၂ ထောင်ခန့်သာ သင်္ဘောဖြင့် သယ်ယူနိုင်သည့် အနေအထားမှ တနင်္သာရီတိုင်း ဒေသကြီးတွင် တန်ချိန် ၅ သောင်းဆံ့သော ရေပေါ်သိုလှောင်ကန် (Floating storage ) တည်ဆောက် ဖြန့်ဖြူးရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

irrawaddy

Local News Read 597 times