မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တွင် မြန်မာအမျိုးသမီးများအတွက် သီးသန့်ဝန်ဆောင်မှုများ ပါဝင်သော MAB Lady’s အကြွေးဝယ်ကတ်ကို စတင်လျှောက်ထား အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။Mastercard နှင့် ပူးပေါင်းအကောင်အထည်ဖော်သော MAB Lady’s ကို အသက် ၂၁ နှစ်ပြည့်ပြီးသူ၊ သတ်မှတ်ထားသော ဝင်ငွေနှင့်အထက်ရှိသူ မြန်မာအမျိုးသမီး မည်သူမဆို MAB Lady’s Classic Mastercard သို့မဟုတ် MAB Lady’s Platinum Mastercard ကို မြန်မာတစ်နိုင်ငံလုံးရှိ MAB ဘဏ်ခွဲတိုင်းတွင် လျှောက်ထားရယူနိုင်ကြောင်း သိရသည်။ ကတ်ကိုင်ဆောင်သူ၏ မိသားစုဝင်များအနေဖြင့်လည်း supplementary ကတ်များကို မိမိ၏ သွေးသားရင်းချာ မိသားစုဝင် Principal ကတ် ကိုင်ဆောင်ထားသူများမှတစ်ဆင့် ဆင့်ပွားထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကတ်ကိုင်ဆောင်သူများသည် MAB iBanking စာရင်းနှင့် Mobile Banking စာရင်းတို့ကို အခမဲ့ အလွယ်တကူ ဖွင့်နိုင်မည်ဖြစ်သည့်အပြင် မြန်မာငွေကျပ် သိန်း ၅၀ သို့မဟုတ် မိမိလက်ရှိ ရရှိနေသော လစာ၏ ၂ ဆကို အကြွေးဝယ်ယူသုံးစွဲနိုင်သည့် အခွင့်အရေးကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ MAB အနေနဲ့ အမျိုးသမီးတိုင်းဟာ အကောင်းဆုံးသောအရာနဲ့ ထိုက်တန်တယ်ဆိုတာကို ယုံကြည်ထားပါတယ်။ မြန်မာလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ဖန်တီးမှုနယ်ပယ်တွေမှာ နောင်အနာဂတ် ပေါ်ထွန်းလာမယ့် အမျိုးသမီးခေါင်းဆောင်တွေကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်” ဟု MAB ၏ Head of Consumer Banking ဖြစ်သူ Freddy Lee ကပြောသည်။
MAB Lady’s ကတ်ကို အွန်လိုင်းစနစ်နှင့် အကြွေးဝယ်ယူငွေပေးချေခြင်းများ၊ ကမ္ဘာတစ်ဝှမ်းမှ ATM စက်များနှင့် POS များတွင် ငွေသားထုတ်ယူခြင်းနှင့် ငွေပေးချေမှုများအတွက် အသုံးပြုနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်းမှ အကျိုးခံစားခွင့်များအပြင် Master Priceless Experience အစီအစဉ်မှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာကုန်သည်များ အသီးသီးမှ ပေးအပ်သော ကမ္ဘာတစ်ဝှမ်း ဟိုတယ်နှင့် အပန်းဖြေစခန်းများ၊ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများအတွက် ၂၅ ရာခိုင်နှုန်းအထိ အခွင့်ထူးများကိုလည်း ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။