ရေကြီး၊ ရေလျှံမှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ပျက်ဆီးဆုံးရှုံးမှုများရှိနေ


18 June, 2018

လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ပျက်စီးဆုံးရှုံးမှု ကနဦး ခန့်မှန်းတန်ဖိုးမှာ ငွေ ကျပ် သိန်းပေါင်း ၂၂,၇၂၀ ခန့် ရှိကြောင်း ၊ ဆုံးရှုံးမှု စာရင်းများကို အတိအကျရရှိရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။

ထိုပျက်စီးဆုံးရှုံးမှု ကနဦး ခန့်မှန်းတန်ဖိုးများသည် မကွေးတိုင်းဒေသကြီး ငဖဲ ၊ ကံမ၊ စကု၊ မင်းတုန်း၊ ပွင့်ဖြူ နှင့် စေတုတ္တရာ မြို့နယ်များတွင် လမ်း၊ တံတား၊ တာတမံ၊ လူနေအိမ် အဆောက်အဦ၊ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်း နှင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုများဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုသည် အချိန်တိုအတွင်းအပျက်အစီးများကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ဇွန်လ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိက ဆည်ကြီး (၆)ခုတွင် ကန်ရေပြည့် အမှတ်များ ကျော်လွန်ပြီး မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း ၊ မဒေးချောင်းများ ရေကြီးမှုဖြစ် ပွားကာမင်းဘူးနှင့် သရက်ခရိုင်အတွင်းရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ် ခဲ့ရကြောင်း၊ လမ်းများ၊တံတားများ၊လယ်ယာမြေများနှင့် စိုက်ပျိုး ထားသော သီးနှံများ ပျက်စီးဆုံးရှုံး ခဲ့ရသည့်အပြင် လူ(၅)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် တိုင်းဒေသကြီး အစိုးရ အနေဖြင့် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 Xinhua

Local News Read 855 times