“Make in India” ခြင်္သေ့ ခြေလှမ်းများ


07 September, 2021

“Make in India” လိုဂိုကို တန်ဆာဆင်ထားသော သတ္တုခွေးသွားစိတ်များဖြင့် ပုံဖော်ထားသည့် ခြင်္သေ့၏ ဟန်ပန်သည် သားကောင်ကို အမိဖမ်းဖို့ သွားလာနေသည့်ဟန် အပြည့်ရှိသည်။ ထိုဟန်ပန်အတိုင်း အိန္ဒိယ အစိုးရမှ ပေးကမ်းသည့် အထူးအခွင့်အရေးများကို အမိဖမ်းမည့် ပြည်တွင်းပြည်ပကုမ္ပဏီများ လျှပ်စစ်စွမ်းအင်၊ ဆိုလာပြားများ၊ ဆေးဝါးများ၊ အဆင့်မြင့်ဘက်ထရီများ၊ အထူးသံမဏိ အစရှိသည်တို့ကို ကြီးမားသော ကုန်ထုတ်လုပ်မှုဖြင့် လုပ်ကိုင်ကြရန် တန်းစီနေသည်။ Samsung Electronics နှင့်  Apple သို့ ပစ္စည်းပေးသွင်းသူများ နှင့် ဒေသခံတိုင်ကွန်းများသည် အမေရိကန်ဒေါ်လာ ၂၇ ဘီလျံအထိ ရှိသော အကျိုးခံစားခွင့် အထုပ်ကြီးထဲမှ ဝေစုကို ရယူကြမည် ဖြစ်သည်။

ကမ္ဘာ့စက်ရုံကြမ်းပြင်တွင် အိန္ဒိယနေရာကို အမှားဖြင့် စတင်ခဲ့ပြီး နှစ်အတန်ကြာခဲ့ပြီးချိန်တွင်  ဝန်ကြီးချုပ်  နာရင်ဒရာ မိုဒီ၏ ကစားကွက်အတွက် စိတ်အားတက်စရာ ဖြစ်လာခဲ့ပြီး ထုတ်လုပ်မှု သိသိသာသာ မြင့်တက်လာနေသည်။ 

မိုဒီ၏ ၂၀၁၄ တွင်စတင်ခဲ့သော မူလကမ်ပိန်းတွင်  ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်မှုသည် ဂျီဒီပီ၏ ၂၅% ရှိရန် ရည်မှန်းထားသော် လည်း လက်တွေ့တွင်  ၁၇% ခန့်တွင်သာ ရှိနေခဲ့သည်။
UNCTAD အချက်အလက်များအရ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးခဲ့သော်လည်း စီးဝင်သည်မှာ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လေးပုံတစ်ပုံခန့်သာ ရှိခဲ့သည်။ ကြိုးနီစနစ်နှင့် ခနော်ခနဲ့အခြေခံအဆောက်အအုံများသည် ပြည်ပကုမ္ပဏီများကို ဝေးဝေးရှောင်စေသည်။

“ ထုတ်လုပ်မှုနှင့်ချိတ်ဆက်ထားသောမက်လုံး” အစီအစဉ်သစ်သည်ကုန်ကျရသလောက် အကျိုးထိရောက်မှု မရရှိခြင်းများအတွက် အစားပေးရန် ကြိုးပမ်းမှု တစ်ရပ် ဖြစ်သည်။ 
အိန္ဒိယအစိုးရသည် ၂၀၂၀ အောက်တိုဘာလတွင် အီလက်ထရောနစ်အတွက် ပြည်တွင်းနှင့်ပြည်ပမှ လျှောက်ထားသူများ ပါဝင်သော ပထမအသုတ်ကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီး ယခုအခါ ကဏ္ဍအသစ်များ အစပျိုး တိုးချဲ့ရန် အလုပ်များနေသည်။ 

အရည်အချင်းပြည့်မီသော ကုမ္ပဏီများအား ငါးနှစ်အထိ နှစ်စဉ်ထုတ်ပေးသော ခံစားခွင့်ကို ဝင်ငွေ၏ ရာခိုင်နှုန်းအပေါ်  အခြေခံထားသည်။ တွက်ချက်ပုံသည် ကဏ္ဍအတွင်း အမျိုးမျိုး ကွဲပြားသည်။ ဥပမာ မိုဘိုင်းဖုန်း ပြုလုပ်သူသည် အရောင်းဝင်ငွေ၏ ၆ ရာခိုင်နှုန်းနှင့်ညီမျှသောပမာဏကို ခံစားခွင့် ရှိသည်။ ထိုပမာဏသည် အတော်များသည်။ Apple သို့ ပစ္စည်းပေးသွင်းသူ ထိုင်ဝမ်အခြေစိုက် Hon Hai Precision Industry သည် အိုင်ဖုန်များ တပ်ဆင်ထုတ်လုပ်ရန် ကန်ထရိုက်လုပ်ကိုင်သည့် Foxconn ၏ လုပ်ငန်းဖြစ်ပြီး ၎င်းကမ္ဘာတစ်လွှား လုပ်ကိုင်မှုများမှ အသားတင်အမြတ် ၂% ကိုသာ ၂၀၂၀ ခုနှစ်တွင် ရရှိသည်။ အိန္ဒိယနိုင်ငံအတွင်း လာရောက်လုပ်ကိုင်ခြင်းအတွက် ဆုကြေးက အရောင်းဝင်ငွေ၏ ၆ ရာခိုင်နှုန်းကို ရရှိသည်။ 


ထုတ်လုပ်သည့် ပမာဏများ ကြီးမားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအတွက် မရှိမဖြစ် လိုအပ်သော လိုအပ်ချက်တစ်ခုဖြစ်သည်။ သို့သော် ကုမ္ပဏီများသည် အရည်အသွေးညံ့ဖျင်းပြီး ရောင်းမစွံသောကုန်ပစ္စည်းများကို စျေးကွက်များထဲ တပြုံတမ ထိုးထည့်ခြင်းကို တားဆီးထားရန်အတွက် ရောင်းအား ရည်မှန်းချက်များ ပြည့်မီမှသာ အိန္ဒိယအစိုးရက ပေးချေသည်။ 
ယခင် ကျင့်သုံးခဲ့သော အစီအစဉ်များသည်  ရင်းနှီးမြှုပ်နှံထားသောပမာဏအပေါ်ကိုသာ အာရုံစိုက်ထားသည်။ 

အိန္ဒိယအစိုးရသည် ပြည်ပတင်ပို့မှုကို အားပေးရန် မြင့်မားသော အနိမ့်ဆုံးဈေးနှုန်းများ သတ်မှတ်ပြဋ္ဌာန်းပေးထားသည်။ မိုဘိုင်းဖုန်းအမျိုးအစားတစ်ခုတွင် ထုတ်လုပ်သူများသည် ဟန်းဆက်များကို ဖုန်းတစ်လုံးလျှင် ဒေါ်လာ ၂၀၀ နှင့်အထက် အနိမ့်ဆုံးဈေးနှုန်းဖြင့်သာ ရောင်းရမည်ဟု သတ်မှတ်ပြဋ္ဌာန်းပေးထားသည်။  အိန္ဒိယနိုင်ငံသား အများစု ဝယ်ယူဖို့ မတတ်နိုင်သည့် ဈေးနှုန်း ဖြစ်နေပေရာ ၎င်းဖုန်းများကို ပြည်ပသို့ တင်ပို့ပြီး ရောင်းချကြရသဖြင့် ပြည်ပပို့ကုန် ပမာဏ တိုးသွားစေသည်။ ဆုကြေးပေးခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ထိပ်တိုက်မတိုးရအောင် ပို့ကုန်ခွဲတမ်းအပေါ် အတိအလင်း အားပြုထားခြင်း မရှိချေ။ 


အနိုင်ရရှိသူများကိုရွေးချယ်ပါ

အိန္ဒိယအစိုးရသည်တရုတ်နှင့်တောင်ကိုရီးယားတို့၏ ခြေရာကိုနင်းလျက် ဈေးကွက်ထဲ အနိုင်ရသည့်သူများကို ရွေးချယ်ပြီး မြေတောင်မြှောက်သည်။ ထို့ပြင် အလုပ်အကိုင်များကိုဖန်တီးရန်နှင့် အထူးသဖြင့်၎င်း၏ အိမ်နီးချင်းဖြစ်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်သော တရုတ်ထံမှ သွင်းကုန်များအပေါ် မှီခိုမှုလျှော့ချရန်တို့ကို ရက်ရောစွာ ဆုကြေး ပေးကမ်းချီးမြှင့်ခြင်းထက် အရေးတကြီးလိုအပ်ချက်အဖြစ် ဦးတည်ချက် ထားရှိသည်။ 

တရုတ်အစိုးရသည် အိန္ဒိယတွင်    စီးးပွားရေး ပျက်စီးစေအောင် ပြုနိုင်သည်။ နယ်စပ်တင်းမာမှု မြင့်တက်လာသည့်အခါ လက်စားချေ တုံ့ပြန်သည့်အနေဖြင့် တရုတ်မှ အိန္ဒိယသို့ တင်ပို့ပေးသည့် ပစ္စည်းအစိတ်အပိုင်းများ တင်ပို့မှုများကို နှောင့်နှေးအောင် ပြုထားလိုက်သည်။ ထိုအခါ အန္ဒိယတွင် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများအပါဝင် ထုတ်လုပ်သူမျး ပစ္စည်းအချိန်မီမရသဖြင့် ကမောက်မက ဖြစ်ကုန်သည်။ ပစ္စည်းအစိတ်အပိုင်း တင်သွင်းမှုများတွင် တရုတ်သည် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။ အိုင်တီပစ္စည်းများ၊ ဆိုလာပြားများ၊ တယ်လီကွန်း ကွန်ရက်ပစ္စည်းကိရိယာများအတွက် လိုအပ်သော အစိတ်အပိုင်းများတွင် ၈၀% ခန့်သည် တရုတ်နိုင်ငံမှ မှာယူကြခြင်း ဖြစ်သည်။ ဆေးဝါးထုတ်လုပ်မှုအတွက် ကုန်ကြမ်းတွင် တရုတ်နိုင်ငံမှ ၄၀% ခန့် မှာယူသုံးစွဲလျက် ရှိသည်။ မော်တော်ယာဉ်ထုတ်လုပ်မှုများတွင် သတ္တုစပ်နှင့် စတီးထည် အစိတ်အပိုင်းများ၏ ငါးပုံတစ်ပုံကျော်သည် တရုတ်နိုင်ငံမှ ရယူပြီး တပ်ဆင်ထုတ်လုပ်နေခြင်း ဖြစ်သည်။ 

နိုင်ငံခြားကုမ္ပဏီများသည် စက်ရုံအလုပ်ရုံများနေရာချရန်အတွက် နေရာအသစ်များကို ရှာဖွေလျက် ရှိသည်။ သို့သော် မည်သည့်နိုင်ငံကို ရွေးချယ်သည်ဖြစ်စေ တရုတ်နိုင်ငံထုတ် ပစ္စည်းများနှင့် မကင်းနိုင်ကြချေ။ 
ကူးစက်ရောဂါနှင့်ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းသည်  ကမ္ဘာာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင် တရုတ်၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြလိုက်သည်။ 
UNCTAD အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နိုင်ငံတိုင်းသို့ တင်ပို့လျက် ရှိသည်ဖြစ်ရာ၌ ကမ္ဘာ့ကုန်စည်တင်ပို့မှု၏ ၁၅% ခန့် ရှိပြီး အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ ၂%  ဖြစ်သည်အထိ ပမာဏမြင့်မားနေသည်။ 

မိုဒီတွင် အနောက်တိုင်းနှင့် တရင်းတနှီး ဆက်ဆံရေး အားသာချက် ရှိသည်။ လုပ်သားခ သက်သာခြင်းကလည်း ဆွဲဆောင်မှု တစ်မျိုး ဖြစ်သည်။ သို့သော် လျှပ်စစ်ဓာတ်အားခ မြင့်မားနေပြီး အခြား ဝန်ထုပ်ဝန်ပိုးများ ရှိနေခြင်းက လုပ်သားခ သက်သာသည့်အချက်ကို မှေးမှိန်နေစေသည်။ သို့ဖြစ်ရာ ကုန်ကျစရိတ်များအရ ယှဉ်ပြိုင်နိုင်စွမ်းသည် အင်ဒိုနီးရှား၊ တရုတ်၊ ထိုင်းတို့နှင့် မတိမ်းမယိမ်း ဖြစ်နေစေသည်။ 

ကြီးမားသော အကျိုးထူခြင်းးများ ရှိနိုင်သည်။   အိန္ဒိယမှာ iPhone ထုတ်လုပ်မှုများမှ အစပြု၍ Apple ၏ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွင် အိန္ဒိယ ပါဝင်သည့်  ဝေစုသည် သုညမှ ၃၀ ရာခိုင်နှုန်းအထိ နှစ်နှစ် သုံးနှစ်အတွင်း မြင့်တက်လိမ့်မည်ဟု ဆွစ်ဘဏ်က ခန့်မှန်းထားသည်။ အမေရိကန်ကုမ္ပဏီများအတွက် ကန်ထရိုက်စနစ်ဖြင့် အကြီးအကျယ်ထုတ်လုပ်သောသူများတွင်  ပါဝင်သော Foxconn, Wistron, Pegatron တို့သည် အိန္ဒိယအစိုးရ ဆုကြေးအစီအစဉ်အတွက်  အရည်အချင်းပြည့်မီကြသည်။ အိန္ဒိယသည် Apple အတွက် သေးငယ်သော စျေးကွက်တစ်ခုဖြစ်ပြီး အိန္ဒိယတွင် လာရောက်လုပ်ကိုင်ခြင်းသည် တန်ဖိုးနည်း မော်ဒယ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်ခြင်းထက် ကျော်လွန်ပြီး အိန္ဒိယ အနေဖြင့် တန်ဖိုး ပိုမြင့်မားသည့် ထုတ်ကုန်များ ပြုလုပ်သည့် အဆင့်သို့ ရောက်ရှိနိုင်သည်။

အခြားအစီအမံများသည်လည်း ဆောင်ရွက်သည်။ အန္ဒိယအစိုးရသည် ကော်ပိုရေးရှင်းဆိုင်ရာအခွန်များကို လျှော့ချခဲ့ရာ၌ ထုတ်လုပ်မှု  စက်ရုံအသစ်များအတွက် ၁၅% အထိ လျှော့ချခဲ့သည်။ မိုဒီသည် စီးပွားရေးကုန်ကျစရိတ်ကို လျှော့ချရန် အခြေခံအဆောက်အအုံများအတွက် ဒေါ်လာ ၁.၄ ထရီလီယံ သုံးစွဲရန် အစီအစဉ်များကို ချမှတ်ခဲ့သည်။ 
ဂျီဒီပီအရ  ကမ္ဘာ့အကြီးမားဆုံးဖြစ်သည့် လွတ်လပ်သော ကုန်သွယ်မှုအုပ်စုဖြစ်သော တရုတ်ကျောထောက်နောက်ခံပြု ဒေသဆိုင်ရာဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Regional Comprehensive Economic Partnership တွင် မပါဝင်ရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့ပြီးနောက်  ဗြိတိန်နှင့် ဩစတေးလျ အပါအဝင် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်များ ရယူရန် အလျင်အမြန် ဆောင်ရွက်နေသည်။


အဆင့်မြင့်လောင်းကြေးမူဝါဒ

အန္တရာယ်မှာ အိန္ဒိယအစိုးရသည် ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးရာတွင် ဆုပေးခြင်းကို လိုက်လျောခြင်းနှင့် ဒဏ်ပေးသည်ကိုလည်း အလွန်အကျွံသုံးစွဲခြင်း ဖြစ်သည်။
ပြည်တွင်းမှာ ထုတ်လုပ်မှု လာရောက်လုပ်ဆောင်ကြစေရန် ဆွဲဆောင်မှုအဖြစ် သွင်းကုန်ခွန်များကို မြှင့်တင်ခဲ့သည်။ ထိုအချက်က တိုင်းပြည်စီးပွားရေး တစ်ရပ်လုံးအနေဖြင့် သွင်းအားစုအတွက် ကုန်ကျစရိတ်များ မြင့်တက်စေလိမ့်မည်။ ယခင်က သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပြည်ပပို့ကုန် မြှင့်တင်ရေးတို့ကို တစ်ပြိုင်တည်း လုပ်ကိုင်ခဲ့ရာ နောက်ပြန်လိမ့်ကျသွားစေခဲ့သည်။ ယခုမူဝါဒသည် အချို့လုပ်ငန်းကဏ္ဍတို့တွင် မဟာလုပ်ငန်းကြီးများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအကြား ကွာဟမှုကို ပိုကျယ်သွားစေလိမ့်မည်။ 

နောက်ထပ်အန္တရာယ်တစ်ခုမှာနိုင်ငံရေးသမားများသည်ငါးနှစ်တာကာလကို ကျော်လွန်၍ မက်လုံးများတိုးချဲ့ခြင်နှင့် မက်လုံးအတွက် ချမှတ်ထားသည့် မူများကို ပြင်ဆင်ခြင်းတို့ ဖြစ်သည်။ 

တောင်ကိုရီးယားမှ Samsung က အစိုးရဆုကြေးအစီအစဉ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပထမနှစ်အတွက် စမတ်ဖုန်း ထုတ်လုပ်မှု လျာထားချက်ကို ပြည့်မီခဲ့သည်။ သို့သော် ကျန်သည့် ကုမ္ပဏီများ မပြည့်မီခဲ့ကြချေ။ ထိုအခါ အကျိုးကျေးဇူးများပေးခြင်းသည် အချည်းနှီးသာ ဖြစ်သဖြင့် ရုပ်သိမ်းဖို့ လှုံဆော်စည်းရုံးမှုများ ပေါ်ထွက်ခဲ့သည်။

အလုပ်အကိုင်များလည်းရှားပါးလာနိုင်သည်။ အလိုအလျောက် ထုတ်လုပ်မှုသည်  လုပ်သားလိုအပ်ချက် နည်းပါးသည့် ခေတ်မီ ကုန်ထုတ်လုပ်မှု ဖြစ်သည်။ 
ပြည်တွင်းလုပ်ငန်း Ola သည် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်း ဖြစ်ပြီး အာရှအချမ်းသားဆုံးသူဌေး  Mukesh Ambani ၏ Reliance Industries, Suzuki Motor Corp မှ ကျောထောက်နောက်ခံပြုထားသော လုပ်ငန်း၊ တာတာလုပ်ငန်းစုကြီး၏ Tata Chemicals တို့နှင့် ယှဉ်ပြိုင်ပြီး ဘက်ထရီဆဲလ်များကို  ထုတ်လုပ်ရဖွယ် ရှိသည်။ အားလုံးက မိုဒီ၏ လျှပ်စစ်မော်တော်ယာဉ်များ သုံးစွဲကြစေရေးနှင့် ပတ်ဝန်းကျင်မညစ်ညမ်းသည့် စွမ်းအင်သုံးစွဲစေရေး ရည်မှန်းချက် မြင့်မြင့်မားမားကို အောင်မြင်စေရန် သူ့ထက်ငါ ဦးအောင် လုပ်ကိုင်နေကြသည်။ 

 Ola ၏ စက်ရုံသည်အလုပ်အကိုင် ၁၀,၀၀၀ ခန့်ဖန်တီးပေးလိမ့်မည်ဖြစ်သော်လည်းစက်ရုပ် ၃၀၀၀ ကျော်လည်းရှိလိမ့်မည်။ ထိုသို့သော လျှပ်စစ်မော်တော်ယာဉ်များကို  Ola ၏ Future Factory စက်ရုံသစ်မှ ထုတ်လုပ်နိုင်ဖွယ် ရှိသည်၊ သို့သော် စက်ရုံက အလုပ်အကိုင် ၁၀,၀၀၀ ရရှိအောင် ဖန်တီးပေးထားမည်ဖြစ်ပြီး စက်ရုပ်များမှာ ၃,၀၀၀ ကျော် ရှိလိမ့်မည်။ 

အိန္ဒိယအစိုးရ၏ လိမ္မာပါးနပ်စွာ ဒီဇိုင်းထုတ်ထားသော ဆုကြေးများသည် အနိုင်ရသူကို သက်သေထူပြပေးနိုင်မည် ဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံတွင် စီးပွားရေး လာရောက်လုပ်ကိုင်ဖို့ လွယ်ကူစေရန် မိုးဒီအစိုးရက ပြုလုပ်ပေးခြင်း မရှိချေ။ ထို့ပြင် အခြေခံ အဆောက်အအုံများကို ခေတ်မီအောင် အဆင့်အတန်းမြင့်မားအောင် လုပ်ကိုင်ပေးထားဖို့ ပျက်ကွက်နေသည်။ သို့ဖြစ်ရာ ဆုကြေး အစီအစဉ်သည် ကာလတိုအတွက် ဆေးမြီတိုမျှသာ ဖြစ်နေပြီး အဆုံးသတ်သွားနိုင်သည်။ အကျည်းတန်ပြီး အကုန်အကျကြီးမားသော အစီအစဉ် ဖြစ်သွားနိုင်သည်။ 

အစီအစဉ်သစ်များ

အိန္ဒိယ ဝန်ကြီးအဖွဲ့က ဇူလိုင်လ ၂၂ ရက်မှာ ထုတ်လုပ်မှုချိတ်ဆက် မက်လုံးအစီအစဉ် production-linked incentive (PLI) scheme ကို အထူးသံမဏိ ထုတ်လုပ်မှုအတွက် အတည်ပြုပေးလိုက်ပြီး ၅ နှစ်တာအတွင်း အိန္ဒိယအစိုးရက ရူပီ ၆၃,၂ ဘီလျံ (ဒေါ်လာ ၈၆၆ သန်း) အကုန်အကျခံမည် ဖြစ်သည်။ အစီအစဉ်သည် ရင်းနှီးမြှုပ်နှံမှု ရူပီ ဘီလျံ ၄၀၀ ဆွဲဆောင်ရန် မျှော်လင့်ထားပြီး အထူးသံမဏိ ထုတ်လုပ်နိုင်မှု တိုးစေရန်အတွက် ဖြစ်သည်။ 

ဖေဖော်ဝါရီလတွင် အိန္ဒိယအစိုးရက ကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ် ၁၃ ခုတို့တွင်  PLI scheme များအတွက်  ရူပီ ၁,၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇ ဘီလျံခန့်) သုံးစွဲမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာ ထုတ်လုပ်မှု ချန်ပီယံများ ဖန်တီးသွားရန် ရည်ရွယ်ထားသည်။ အလုပ်အကိုင်အခွင့်အလမ်းများလည်း ထွက်ပေါ်မည် ဖြစ်သည်။ အဆိုပါ ကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်များတွင် ဆေးဝါများ၊ တယ်လီကွန်ဆိုင်ရာ ထုတ်ကုန်များ၊ ဆိုလာစွမ်းအင် အစိတ်အပိုင်းများ၊ နည်းပညာအဆင့်မြင့် ဘက်ထရီများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပါဝင်သည်။ 
 

Investment/Divestment Read 238 times