လာမည့်၂၀၂၂-၂၀၂၃ခုနှစ်တွင်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအားလုံးလျှပ်စစ်မီးရရှိနိုင် မျှော်မှန်းထားကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာသက်တမ်းကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးဦးဇာနည်အောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း၄၈၀၇ရွာအနက်မှ ကျေးရွာပေါင်း၂၇၄၂ရွာမှာလျှပ်စစ်မီးရရှိနေပြီး မီးရရှိရန်ကျန်ရှိသေးသည့်ကျေးရွာများကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မီးရရှိရန်မျှော်မှန်းထားကြောင်း သိရသည်။
“နှစ်နှစ်တာကာလအတွင်းလျှပ်စစ်မီးရရှိရေးအတွက်၆၆ခွဲရုံဓာတ်အားခွဲရုံ၆ရုံ၊၃၃ခွဲရုံ၁၃ရုံတည်ဆောက်တယ်၊ဓာတ်အားခွဲရုံများအဆင့်မြှင့်တင်ခြင်းကို၅လုံးမှ၁၀လုံးအထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ နှစ်နှစ်အတွင်းမှာ၆၆ခွဲရုံနဲ့၃၃ခွဲရုံ၁၉ရုံ၊အဆင့်မြှင့်တင်တာက၁၅ရုံ၊ ကေဗွီဓာတ်အားလိုင်းက၉၃ဒသမ၂၄မိုင်ကိုအပြည့်ဆွဲနိုင်ခဲ့ပါတယ်” ဟုလျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇာနည်အောင်ကထပ်မံဖြည့်စွက် ပြောသည်။
ပြည်ထောင်စုအစိုးရ၏ရည်မှန်းချက်မှာလည်း၂၀၃၀ပြည့်နှစ်တွင်တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း၆၀၀၀၀ ကျော်တွင်လျှပ်စစ်မီးရရှိရန် မျှော်မှန်းထားကြောင်းသိရသည်။
ထို့ပြင် ပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပြတ်တောက်မှုမရှိစေရန်ဓာတ်အားပို့လွှတ်သည့်စနစ်တိုးတက်စေရေး၊လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါက အရေးကြီးသည့်ဌာနများ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် အရန်ဓာတ်အားလိုင်းတည်ဆောက်ခြင်းကိစ္စရပ်များကို မကြာခင်ကာလအတွင် စနစ်တကျစီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓာတ်အားသုံးစွဲမှုသည်တစ်နှစ်လျှင်၅၅၀မဂ္ဂါဝပ်ခန့်ရှိပြီးလာမည့်နှစ်တွင်၆၃၀မဂ္ဂါဝပ်အထိတိုးမြှင့်အသုံးပြုလာနိုင်မည်ဖြစ်ကာတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာမီးလင်းရေးအတွက်တစ်နှစ်လျှင်ကျပ်ငွေကိုးဘီလီယံကုန်ကျခံကာလုပ်ဆောင်နေကြောင်းသိရသည်။
Myanmar Business Today