မန္တလေးတိုင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးလာရန်အတွက် ကဏ္ဍ ၇ ရပ်ကို အခြေခံ၍ စီမံကိန်း ရေးဆွဲထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRFCCI) ခန်းမတွင် စက်တင်ဘာလ ၂၇၊ ၂၈ ရက်တို့၌ တိုင်းအဆင့် လုပ်ငန်းစီမံချက် (SMEs Regional Plan) ထွက်ရှိလာရန်အတွက် တိုင်းအတွင်းရှိ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူအချို့ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ရေးဆွဲခြင်းဖြစ်သည်။
MRFCCI အသင်း လက်အောက်ရှိ SMEs ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဝေက “အကြောင်းအရာအလိုက် ခေါင်းစဉ်တွေ ခွဲပြီး သက်ဆိုင်ရာ နယ်ပယ်က လုပ်ငန်းရှင်တွေ ဆွေးနွေးကြတယ်။ သူတို့ရဲ့ ဆွေးနွေးချက်တွေ အပေါ် ဘုံတူညီတာ တွေကို ခွဲထွက် စုလိုက်ပြီး Action Plan အနေနဲ့ ရေးဆွဲလိုက်တယ်” ဟု ပြောသည်။
ယင်းကဏ္ဍ ၇ ခုမှာ လုပ်ငန်းတူများ ပူးပေါင်းခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ၊ စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာ အသိပညာမျှဝေခြင်း၊ ငွေကြေးရရှိခြင်း၊ ပြည်တွင်း ပြည်ပဈေးကွက် ထိုးဖောက်ရှာဖွေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သည့် Greening SMEs များ ဖြစ်လာစေခြင်းနှင့် အားလုံးပါဝင်နိုင်သော လုပ်ငန်းအသိုင်းအဝန်းများဖြစ်ရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ဦးညွန့်ဝေက “Action Plan နဲ့ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်မယ်။ ဘယ်ဟာတွေကို ဦစားပေးမယ်ဆိုတဲ့ ကိစ္စရယ်၊ တချို့က တိုင်းအဆင့်နဲ့ လုပ်လို့ ရနိုင်တယ်။ တချို့ကျ ပြည်ထောင်စုအဆင့် ဆိုတာရှိပေမယ့် ဒါတွေကို အဓိကဆုံးဖြတ်ချပြီး ဆောင်ရွက်မှာက တိုင်း SMEs အေဂျင်စီပဲ ဖြစ်ပါတယ်။ ရလဒ်တော့ ထွက်မလာသေးပါဘူး”ဟု ရှင်းပြ သည်။
၂ ရက်ကြာ ဆွေးနွေးချက်များအရ SMEs အတွက် လုပ်ငန်းစီမံချက် ထွက်ရှိခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နာယကအဖြစ် တာဝန်ယူထားသည့် SMEs အေဂျင်စီသို့ ပေးပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ရှိ လမင်းသဇင် သကြားစက် ပိုင်ရှင် ဦးဝင်းဌေးက “Plan ဆွဲပြီးပြီ ဆိုရင် ဒါကို အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းက အရေးကြီးပါတယ်။ အဲဒါရှိမှ တိုးတက်နိုင်မယ်။ ပြီးတော့ ဒီအတွက် ဘတ်ဂျက်ကရော ဘယ်ဌာနက ချ ပေးမှာလဲ။ အရင်တုန်းကလည်း ဒီလို ပြဿနာမျိုး ရှိခဲ့တယ်။ Plan တော့ ရှိတယ်။ ဘတ်ဂျက်ကိုကျ ဘယ်ဌာနကမှ ထည့်သွင်း ရေးဆွဲခဲ့တာ မရှိခဲ့တော့ စီမံချက်က စာအုပ်ထဲမှာပဲ ဒီအတိုင်း ကျန်နေတယ်။ ဘာမှဖြစ်မလာခဲ့ဘူး” ဟု ပြောသည်။
တိုင်း SMEs အေဂျင်စီအနေဖြင့် SMEs လုပ်ငန်းများကို လိုင်စင်ပြည့်စုံအောင် ချထားပေးခြင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်သည့် လုပ်ငန်းများအဖြစ် ကူးပြောင်းနိုင်ရန် အသိပညာပေးဆောင်ရွက်ခြင်း၊ ချေးငွေရရှိမှုတွေ လုပ်သာကိုင်သာသည့် ဖြေလျှော့မှုများပေးခြင်းနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် အကူအညီပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက လုပ်ငန်းများ တိုးတက်လာဖွယ်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ SME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အကူအညီပေးနေသည့် ကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UNIDO) မှ နည်းပညာ ပညာရှင် Mr. Luca က “ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရေရှည်တည်တံ့ပြီး ကောင်းမွန်ခိုင်မာတဲ့ SMEs တွေမရှိဘဲ စီးပွားရေး ဖွံဖြိုးမှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ပြီးတော့ ဒီလုပ်ငန်းတွေကပဲ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဆင်းရဲမွဲတေမှုက ရုန်းထွက်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
မန္တလေးတိုင်းသည် လမ်းပန်းဆက်သွယ်ရေးတွင် အချက်အချာကျပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများစွာရှိသည့်အတွက် မြန်မာနိုင်ငံ၏ အရေးပါသော စီးပွားရေးရပ်ဝန်းတခုဖြစ်သောကြောင့် မန္တလေးတိုင်း၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် နိုင်ငံအတွက် များစွာအကျိုးသက်ရောက်မှုရှိလာမည်ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်းသည် မြန်မာနိုင်ငံတွင် SME လုပ်ငန်းများ အများဆုံးရှိသည့် တိုင်းဖြစ်ပြီး သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်း အရေအတွက် ၅ သောင်းကျော် ရှိကြောင်း တိုင်း စက်မှု ကြီး ကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက သိရသည်။
irrawaddy