စိန်တလုံးသရက်သီးများ တရုတ်နိုင်ငံကို တင်ပို့မှုများပြားလာာ


30 April, 2019

တရုတ်ဈေးကွက်ကို မြန်မာ့စိန်တလုံးသရက်သီးများ တင်ပို့မှုတွင် ယခုနှစ် သင်္ကြန်မတိုင်မီရက်များထက် သင်္ကြန်ပြီးနောက်ပိုင်းမှာ တင်ပို့မှုများလာတာကြောင့် တရုတ်ငွေယွမ် ၃၀ ဝန်းကျင် ကျဆင်းလာကြောင်း မြန်မာသရက်သီး နည်းပညာနှင့် ဈေးကွက်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပါတယ်။

သင်္ကြန်မတိုင်မီက စိန်တလုံးသရက် တစ်ဖာကို ယွမ် ၁၇၀ အထိ အမြင့်ဆုံးရှိခဲ့ရာမှ ဧပြီ ၂၆ ရက်မှာ ယွမ် ၁၄၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းခဲ့ပေမယ့်လည်း သရက်သီးအနု တင်ပို့ခဲ့မှုများရှိခဲ့ခြင်းမှာ ဈေးကွက်ထိခိုက်စေတယ်လို့ ပြောပါတယ်။

"လောလောဆယ်မှာ ဈေးကွက်ငြိမ်နေသေးတယ်။ သင်္ကြန်မတိုင်ခင်က ၁၇၀ ယွမ်အထိ ရှိခဲ့ပြီး အဝင်များလို့ ဈေးကျသွားတယ်။ ရှေ့လျှောက်မှာ သရက်သီးက တချို့လေတိုက်မှာစိုးလို့ စောပြီးခူးတာတွေနဲ့ မမှည့်သေးတဲ့အသီးတွေ ပါလာမှာ စိုးတယ်။ ကျင့်ဝတ်နဲ့ ခူးမယ်ဆိုရင် သရက်သီးဈေးက ယွမ် ၁၀ဝ အထက်မှာရှိမှာပဲ"လို့ ၎င်းက ပြောပါတယ်။

လက်ရှိတွင် မန္တလေးတိုင်းအတွင်းမှ သရက်သီးများ တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး စိန်တလုံးသရက်မှာ အိတ်စွတ် (၁၆ ကီလို) ယွမ် ၁၀ဝ-၁၄၀ ကြားပေါက် ဈေးရှိပြီး အိတ်လွတ်မှာ ယွမ် ၄၀-၈၀ရှိ ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းမှ သရက်သီးများမှာ မေလလယ်လောက်မှစ၍ တင်ပို့နိုင်မှာဖြစ်ပြီး တရုတ်သို့တင်ပို့ရာ၌ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှ အများဆုံးတင်ပို့ကြောင်း သိရပါတယ်။

"သိတဲ့အတိုင်း အခါရက်မဝင်ခင် အနုများနဲ့ ဆင့်ပွားရိုက်စားတဲ့ဈေးကွက်ပါ။ ကိုယ့်ဘက်က တရုတ်ဝယ်လက်ကိုရိုက်၊ တရုတ်ကုန်သည်က အမှည့်အုပ်ပြီး သူ့တို့ရဲ့ စားသုံးသူကိုရိုက်။ စားမကောင်းသေးတဲ့အချိန်ပေါ့။ ဂျာအေးသူ့အမေရိုက်ရင်း သင်္ကြန်အပြီး ဈေးကွက်ပျက်တာ သဘာဝပဲ။ ပေါက်ဈေးအမှန်ကို အာရုံစိုက်သင့်တယ်။ ပြောရရင် သရက်က တရိပ်ရိပ် ဈေးကျနေတယ်" လို့ ခွာညိုသရက်သီး ပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က သုံးသပ် ပြောဆိုပါတယ်။

ဦးကျော်စိုးနိုင်က အကြံပြုပြောကြားရာ၌ "စိန်တလုံးပြီးရင် ဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်ထွက်လာမယ်။ အဲဒီဈေးကွက်ကငြိမ်တယ်။ စောခူးတဲ့ကုန်သည်တွေရှိတယ်။ မြန်မာသရက်သီးကို အရည်အသွေးထိန်းဖို့က အချင်းချင်းထိန်းကြပါ တယ်။ ရေရှည်မှာ ကိုယ့်သရက်ဈေးကွက် ပျက်နိုင်လို့ပါ။ အရည်အသွေးကောင်းရင် ဈေးကွက်မကျဘူးပေါ့။ နည်းပညာထက်စာရင် ရာသီဥတုဖောက်တာမျိုးတွေရှိတော့ သီးနှံအာမခံတွေထားသင့်တယ်"လို့ ထောက်ပြပြောဆိုပါတယ်။

Myanmar Times

Export, Import Read 640 times