တရုတ်နယ်စပ်ဈေးကွက်နှင့် အီးယူဈေးကွက်၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် စိန်ခေါ်မှုများစွာ ရှိနေကာ ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် တစ်သန်းကျော်အထိ လျော့ကျနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ကြပါတယ်။
ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာလအကုန် အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့်ရရှိထားသော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန် ရှစ်သိန်းကျော်အထိ လျော့ကျသဖြင့် ဝင်ငွေဒေါ်လာသန်း ၂၁၀ ကျော်အထိ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။ ထို့ကြောင့် ယခုကိုးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၈၂၄,၅၁၃ ကျော် လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၁၀ ဒသမ၉၇၅ သန်းအထိ လျော့ကျခဲ့ပါတယ်။
“ဒီအတွက် မြန်မာ့ဆန်စပါး ကဏ္ဍဟာ လာမယ့် နွေစပါးရာသီမှာ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်၊ လက်ရှိဒီနှစ်ကတော့ မနှစ်ကလောက် မပို့နိုင်ဘူး။ ဒါကတော့သေချာတယ်။ အဓိကတော့ ကမ္ဘာ့ဆန်စပါး ဈေးကွက်မှာရော ဝယ်လိုအား ကျတဲ့အတွက်ဖြစ်တာ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားပါတယ်။
တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီးများကြောင့် တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို ဝယ်ယူမှုလျော့ကျနေပြီး ယခင်နှစ်များထက် ထက်ဝက်ခန့်အထိ တင်ပို့မှု လျော့ကျခဲ့ကြောင်း သိရပါတယ် ။ ထို့ပြင် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည် အမျိုးအစား (၁၆ မီလီမီတာအထက်) ဆန်များကို ဇန်နဝါရီ ၈ ရက်က စတင်ကာ သုံးနှစ်အထိ အခွန်ပြန်လည် ကောက်ခံသွားမည် ဖြစ်သဖြင့် အရည်အသွေးမြင့် ဈေးကွက်တစ်ခုဖြစ်သည့် အီးယူသို့ ဆန်တင်ပို့မှုလည်း အထိုက်အလျောက် လျော့ကျလာမည်ဖြစ်ပါတယ်။
ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသော တရုတ်ဈေးကွက်နှင့် အီးယူဈေးကွက်သို့ ဆန်တင်ပို့မှုသည် ယင်နှစ်များထက် လျော့ကျလာမည် ဖြစ်သဖြင့် ပြည်ပ ဆန်တင်ပို့မှုမှာလည်း လျော့ကျလာနိုင်ပါတယ်။
Eleven Media