Mastercard နှင့် Pine Labs တို့သည် consumerများ အတိုးလုံးမပေးရဘဲငွေပေးချေနိုင်ရန်၊ ကုန်သည်များ စီးပွားရေးတိုးချဲ့ခြင်းနှင့်ဘဏ်များနှင့်ချိတ်ဆက်ရန်၊ ငွေကြေးဆိုင်ရာနည်းပညာလုပ်ငန်းများ၊ ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများနှင့် စက်ပစ္စည်းထုတ်လုပ်သူများ အတွက် ၎င်းတို့၏ ပေါင်းစည်းထားသော “pay later” ဝန်ဆောင်မှုကို လာမည့်နှစ်အစောပိုင်းတွင် ရှေ့တောင်အာရှမှ ဈေးကွက်ငါးခု၌ မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
Mastercard၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှုများ နှင့် အာရှ၏ထိပ်တန်းကုန်သွယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်သည့် Pine Labs တို့မှ ၂၀၂၀ နှစ်စပိုင်းတွင် အိန္ဒိယနှင့်မလေးရှားတို့၌ မိတ်ဆက်စတင်ခဲ့သည့် “pay later” ဝန်ဆောင်မှုအား ယခုထပ်မံတိုးချဲ့ရန်စီစဉ်နေခြင်းဖြစ်ကာ ထိုဝန်ဆောင်မှုကို ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ဖြန့်ချိမည်ဖြစ်ပြီး မကြာမီတွင် ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဆက်လက် မိတ်ဆက် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။
Mastercard ၏သုတေသနပြုချက်အရ ဒေသတွင်းရှိသုံးစွဲသူများ၏ ၄၃ ရာခိုင်နှုန်းသည် အရစ်ကျငွေဆပ်ကာဝယ်ယူ နိုင်ခွင့်ရှိပါက အနည်းဆုံး ၁၅ရာခိုင်နှုန်း ပိုမိုသုံးစွဲရန်ဆန္ဒရှိကြသည်။ ကတ်နှင့်ချိတ်ဆက်၍ အရစ်ကျပေးချေခြင်းသည် အရှေ့တောင်အာရှရှိ အကြွေးဝယ်ကတ်များတွင် တွေ့နေကျဖြစ်သော်လည်း Mastercard နှင့် Pine Labs တို့၏ဝန်ဆောင်မှုများသည် ဆိုင်နှင့် အွန်လိုင်းမှရောင်းချသူများအသီးသီး၌ အကြွေးဝယ်ကတ် Credit Card၊ ကြိုတင်ငွေသွင်းထားသောကတ် Debit Cardနှင့် ဘဏ်အကောင့်များမှတစ်ဆင့် အရစ်ကျငွေပေးချေမှုဖြစ်မြောက်စေခြင်းတို့ကိုပါ တိုးချဲ့လုပ်ဆောင်နိုင် စေမည်ဖြစ်သည်။
Coherent Market Insights ၏ လေ့လာတွေ့ရှိချက်အရ ကမ္ဘာလုံးဆိုင်ရာ “pay later” နောက်မှငွေပေးချေနိုင်သည့်ဈေးကွက်သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇.၃) ဘီလီယံမှ ၂၀၂၇ တွင် (၃၃.၆) ဘီလီယံအထိတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ် (၂၁) ရာခိုင်နှုန်းခန့် တိုးတက်လာနိုင်ဖွယ်ရှိကာ ဈေးကွက်အကြံပေးနှင့် ဆန်းစစ်ရေးအဖွဲ့အနေဖြင့် အာရှပစိဖိတ်ဒေသကို လျှင်မြန်စွာတိုးတက်မည့်ဒေသအဖြစ် တွေ့မြင်ကြောင်း သိရသည်။
ယခုနှစ်ဇန်နဝါရီလတွင် Mastercard သည် Pine Labs တွင် ရင်းနီးမြပ်နှံမှုပြုလုပ်ခဲ့ပြီး ၎င်းကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ငွေပေးချေမှုရှိခဲ့ပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းရှိကွန်ယက်နေရာပေါင်း ၄၅၀,၀၀၀ မှကုန်သည် ၁၅၀,ဝဝဝ ခန့်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ထိုအပြင် ငွေချေးသူများ၊ ကုန်သည်များနှင့် အတူတကွပူးပေါင်း လုပ်ကိုင်ပြီး ဝယ်ယူသူများအတွက်၎င်းတို့ဝယ်ယူရာ နေရာတွင် လိုအပ်သော ငွေကြေးစီမံခန့်ခွဲမှုများကို ပေးနိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားသည်။
အဆိုပါ လက်တွဲမှုကြောင့် ကုန်သည်များ၊ brand များနှင့် ငွေကြေးအဖွဲ့အစည်းများအတွက် အကျိုးကျေးဇူးများရစေမည်ဖြစ်ပြီး သုံးစွဲသူများ ဈေးဝယ်ယူရာတွင် အရစ်ကျပေးချေနိုင်သော ရွေးချယ်ခွင့်ကို ပေးခြင်းအားဖြင့် ဆန်းသစ်သော ငွေပေးချေမှုနည်းပညာအသစ်များကို အသုံးပြုရန်အတွက် တွန်းအားဖြစ်စေမည်ဟု ဆိုသည်။