ရခိုင်ပြည်နယ် မောင်တောမြို့ကို နိုင်ငံတော်လျှပ်စစ် ဓာတ်အားစနစ်ဖြင့် မီးရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက်ရှိရာယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ရရှိတော့မည်ဖြစ်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်မှ လျှပ်စစ်မီးရရှိရေး လုပ်ဆောင်လျက်ရှိရာ မာန်အောင်မြို့နှင့် မောင်တောမြို့ တို့တွင်သာ လျှပ်စစ်မီးရရှိရန် လုပ်ဆောင်လျက်ရှိကြောင်း၊ မောင်တောမြို့၌ ယခုနှစ် မကုန်ခင် နိုင်ငံတော်ဓာတ်အား စနစ်ဖြင့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစီမံကိန်းညွှန်ကြားရေးမှူး (မြောက်ပိုင်း) ဦးမင်းနိုင်ထံမှ သိရပါတယ်။
''ရခိုင်ပြည်နယ်က အခြားပြည်နယ်ဒေသတွေနဲ့မတူ ဘဲ မြစ်ချောင်းတောင်တန်းတွေပေါများတဲ့ ဒေသဖြစ် ပါတယ်။ ရေလမ်းခရီးကိုအဓိကအားထားနေရတဲ့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်ရာ မှာ နှောင့်နှေးကြန့်ကြာမှု အခက်အခဲတွေ ကြုံရပါတယ်။ ဘူးသီးတောင် ဓာတ်အားခွဲရုံကနေ မောင်တော ဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ဖို့ မေယုတောင်ကို ကျော်ဖြတ်ကာ ခက်ခက်ခဲခဲ တည်ဆောက်နေရပါတယ်။
မေယုတောင်ကြောကိုဖြတ်ပြီး ကြိုးသွယ်တန်းတာတွေ၊ တာဝါတိုင်တွေ တည်ဆောက်ဖို့ ကျွမ်းကျင်အလုပ်သမားတွေ အများကြီးလိုအပ်ပါတယ်။ အလုပ်သမားရှားပါးမှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိခဲ့ပါတယ်။ ရာသီဥတုဆိုးရင်တော့ မေယုတောင်ကိုတက်ပြီး တည်ဆောက်ဖို့မလွယ်တဲ့အတွက် အချိန်ကြန့်ကြာနိုင်ပါ တယ်။ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်ဓာတ်အား ခွဲရုံကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှာစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစက်ရုံကနေတစ်ဆင့် မောင်တော ဓာတ်အားခွဲရုံကို ပို့လွှတ်မှာ ဖြစ်ပါတယ်''ဟု ပြောခဲ့ပါတယ်။
ယခုလုပ်ငန်းတည်ဆောက်မှုအနေဖြင့် ဘူးသီးတောင် မှ မောင်တောမြို့ဓာတ်အားခွဲရုံသို့ ကိုးမိုင်အကွာအဝေးအတွင်း တာဝါတိုင် စုစုပေါင်း ၃၈ တိုင် တည်ဆောက်ရမည်ဖြစ်ပြီး ဖောင်ဒေးရှင်းတည်ဆောက်မှုမှာ ၂၈ တိုင် ပြီးစီးနေပြီ ဖြစ်သောကြောင့် ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်း တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးစီမံကိန်းမန်နေဂျာ ဦးနိုင်ဇာစောထွေးထံမှ သိရပါတယ်။
၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေနှင့် ပြည်နယ်အစိုးရရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့ သည့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်- မောင်တောမြို့တို့ကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ငွေကျပ် ၃ဝ ဒသမ ၃၃၅ ဘီလီယံကုန်ကျခံတည်ဆောက်ခဲ့ကြောင်း သိရပါတယ်။
The Mirror Dailly