မောင်တောကညင်ချောင်းစီးပွားရေးဇုန်သို့ အဝင်လမ်းအား စတင်ဆောင်ရွက်နေပြီး၂၀၁၉ ဖေဖော်ဝါရီလတွင် ဇုန်အားဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မောင်တောကညင်ချောင်းစီးပွားရေးဇုန် စီမံကိန်းကော်မတီမှ သိရတယ်။
အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်အား ပြည်နယ်အစိုးရအဖွဲ့နှင့် ကညင်ချောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (KED) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် မောင်တောအောင်ဗလကျေးရွာမှ ကညင်ချောင်းစီးပွားရေးဇုန်အထိ ဆက်သွယ်သည့် ၁ ဒသမ ၈ မိုင် အရှည်ရှိ မြေသားလမ်းအား ဖောက်လုပ်နေခြင်းဖြစ်ပါတယ်။
မောင်တော ကညင်ချောင်း စီးပွားရေးဇုန် စီမံကိန်းကော်မတီ ဒုဥက္ကဋ္ဌ၊ မောင်တောနယ်စပ်ကုန်သည်များအသင်းဥက္ကဌ ဦးအောင်မြင့်သိန်းက “ကျွန်တော်တို့လမ်းကို ပွင့်လင်းရာသီရောက်တာနဲ့ နိုဝင်ဘာ ၅ ရက်ကနေစပြီး အလွှာလိုက်ကျိတ်တဲ့ လုပ်ငန်းတွေ၊ ရေဖြန်းတဲ့လုပ်ငန်းတွေ၊ မြေသားလမ်းအပြီး ရိုလာတွေနဲ့လိမ့်တာ တွေ့တယ်။နောက်လမ်း ၁ ဒသမ ၈ မိုင်လမ်းမှာကျောက်ခဲလေးတွေကို ရှစ်ဖာလုံလောက် ချနေတာတွေ့တယ်။အကြမ်းအားဖြင့် ဒီလမ်းက မောင်တော အောင်ဗလရွာကနေ ကညင်ချောင်း စီးပွားရေးဇုန်အထိကို ဖောက်တဲ့လမ်း ဖြစ်ပါတယ်။
ထိုဇုန်ထဲမှာလည်း ၁ ဒသမ ၅ မိုင်လမ်းကိုမြေဖို့တဲ့လုပ်ငန်းတွေ လုပ်နေပါတယ်။နောက်တစ်ခုက သိုလှောင်ရုံတွေလည်း ပြီးစီးခါနီးနေပါပြီ။ မြေဖို့ခြင်းတော့ လုပ်တာမတွေ့သေးဘူး။ရေချိုးခန်း၊ အိမ်သာလုပ်တာတော့ တွေ့တယ်။ဒါတွေကို ကညင်ချောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတက် (KED) ကလုပ်နေတာ ဖြစ်ပါတယ်။တင်ဒါကို ပွင့်လင်းမြင်သာမှုရှိအောင် သတင်းစာကနေခေါ်တယ်။တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကိုလည်းပေးတာရှိပြီးတော့ ဘယ်သူမှမလုပ်ချင်ရင်လည်း KED က လုပ်နေတာတွေ့ပါတယ်”ဟု ပြောကြားချက်အရ သိရပါတယ်။
လက်ရှိတွင် ကညင်ချောင်းစီးပွားရေးဇုန်အတွင်း သိုလှောင်ရုံအဆောက်အအုံများ၊ လမ်းများကို ဆောင်ရွက်နေပြီဖြစ်ပြီး ဆောက်လုပ်ပြီးဖြစ်သည့် ဆိပ်ခံတံတားတွင်လည်း တန်ချိန်သုံးထောင်ဆန့် သင်္ဘောများဆိုက်ကပ်ကာကုန်ချခြင်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။ထိုဆိပ်ခံတံတားများမှာ တန်ချိန်၅၀၀ စက်လှေများ ဆိုက်ကပ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတန်ချိန်အများအပြား သင်္ဘောများဆိုက်ကပ်နေသဖြင့် စနစ်တကျစီမံရန်ရှိကြောင်းလည်း သိရပါတယ်။
“သင်္ဘောကြီးတွေ ဆိုက်ကပ်နေတဲ့ အပိုင်းကိုကျတော့ ကျွန်တော်တို့ကတော့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီးတော့ ခရိုင်စီမံခန့်ခွဲရေးကော်မတီအနေနဲ့ တစ်ခုခုစီမံသွားဖို့ရှိပါတယ်။ ဘယ်ကလာပြီး ဘယ်အတွက် ဆိုက်ကပ်တယ်။ ဘယ်သူ့အစီအစဉ်နဲ့ ကပ်တယ်ဆိုတာကို ဘာမှမသိရဘူး။ ကျွန်တော်ဆီကိုလည်း သတင်းပို့တာမရှိဘူး။ အလှူလာတာပဲဖြစ်ဖြစ်၊ စီးပွားရေးဆန်ဆန်လာတာပဲဖြစ်ဖြစ် အဖိုးအခမရဘဲနဲ့တော့ မလာပါဘူး။ ဒီဆိပ်ကမ်းကလည်း ပထမကုန်သွယ်ရေးဇုန် အတိုင်းအတာနဲ့ တန်ချိန် ၅၀၀ လောက်ဆံ့တဲ့ စက်လှေတွေကပ်ဖို့ လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီကလည်း စေတနာထားလုပ်လိုက်တဲ့ အခါကျတော့ အခုဆိုရင် တန်ချိန် ၃၀၀၀ အထိဆံ့တဲ့ သင်္ဘောတွေ ကပ်နေတယ်။ ဆိုတော့ ဇုန်မှာလည်း တာဝန်ရှိတယ်။ ဘယ်သူမှလည်း လာမပြောဘူးဆိုတဲ့အခါကျတော့ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ အစည်းအဝေးတစ်ခုလုပ်ပြီးတော့ ဆိပ်ကမ်းခပုံစံမျိုး လုပ်ရင်ကောင်းမလား။
အခုက ဆိပ်ကမ်းမှာဘောတွေလည်း မချသေးဘူးဆိုတော့ ဘယ်လိုမျိုးကပ်ကြလဲ။ အပျက်အစီးရှိသွားတဲ့ ဟာတွေကို ပြန်ပြုပြင်လို့ရအောင်၊ နောက်အာဆာ၊ မိုရာတွေကြောင့် ဂိုဒေါင်အလုံး ၂၀ မှာလည်း ပျက်စီးနေတာလေးတွေရှိတဲ့ အခါကျတော့ ဇုန်အသက်ဝင်လှုပ်ရှားမယ့် အခါကျရင် အဲဒါတွေကို ဘယ်ကနေရှာရမလဲ။ အခုလောလောဆယ်တော့ ဇုန်တစ်ခုလုံး တည်ဆောက်ရေးလုပ်ငန်းတွေပြီးသွားအောင် အာရုံစိုက်နေရတယ်။ အခု ပျက်စီးနေတာတွေကို ဘတ်ဂျက်ကျရင်လည်းကျမယ်။ နို့မဟုတ်ရင် အခုလို သင်္ဘောဆိုက်ကပ်နေတာတွေကို စနစ်တကျ အခွန်အခတွေကို စာရင်းအင်းတွေနဲ့လုပ်ဖို့တော့ စဉ်းစားထားပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာတော့ဇုန် ဖွင့်နိုင်အောင်ထိ ကြိုးစားလုပ်နေပါတယ်။ ဒေသခံတစ်ဦးအနေနဲ့ ပြောရရင်ဒီဇုန်ကို အများကြီးမျှော်လင့်ထားပါတယ်”ဟု မောင်တော ကညင်ချောင်းစီးပွားရေးဇုန်စီမံကိန်းကော်မတီ ဒုဥက္ကဋ္ဌ၊ မောင်တောနယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌဦးအောင်မြင့်သိန်း ပြောပြချက်အရသိရပါတယ်။ကညင်ချောင်း စီးပွားရေးဇုန်တွင် ဆိပ်ကမ်းနှစ်ခုတည်ဆောက်ပြီးဖြစ်ကာ ရှင်းလင်းဆောင်၊ အရောင်ပြခန်းပါ ဂိုဒေါင်အလုံး ၂၀ ကိုလည်းတည်ဆောက်ပြီးဖြစ်ကြောင်း သိခဲ့ရပါတယ်။
Eleven