ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ၁ဝ ရက်အတွင်း ကန်ဒေါ်လာ ၆ သိန်းဖိုးခန့် တင်ပို့နိုင်ခဲ့


24 October, 2021

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ပြီး ၁ဝ ရက်အတွင်းတွင် ရခိုင်ကုန်သွယ်ရေး စခန်းနှစ်ခုက အမေရိကန်ဒေါ်လာ ၆ သိန်းခန့် ပို့ကုန်များကို တင်ပို့နိုင်ခဲ့သည်ဟု သတင်းရရှိသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အောက်တိုဘာ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ ၁ သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ဒုဥက္ကဋ္ဌဦးအောင်စံသိန်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။
အလားတူ စစ်တွေမြို့ ရွှေမင်းဂံဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ ၄ သိန်းခွဲခန့် တင်ပို့နိုင်ခဲ့ကြောင်း စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဦးစီးမှူး ဦးအောင်တိုးမင်းက ပြောသည်။
“ အောက်တိုဘာ ၁၃ ရက်နေ့က နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ခဲ့ပေမယ့် အခက်အခဲတွေကြောင့် ဒီလ ၁၆ ရက်နေ့မှ စတင် တင်ပို့ရတယ်။ မနေ့က အထိ ရွှေမင်းဂံဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်တင်စက်လှေ ၁၃ စီးနဲ့ အမေရိကန်ဒေါ်လာ ၄၅၂,ဝဝ၈ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
အောက်တိုဘာ ၂၂ ရက်နေ့ထိ ရခိုင်ကုန်သွယ်ရေး စခန်း နှစ်ခုက တင်ပို့ကုန် စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၆ သိန်းခန့်တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ဒုဥက္ကဋ္ဌဦးအောင်စံသိန်းက “ဖွင့်တာက အောက်တိုဘာ ၁၃ ရက်နေ့ကဆိုပေမဲ့ ကညင်ချောင်းလမ်းကပျက်နေလို့ အလုပ်မဖြစ်ခဲ့ဘူး။ အခုက နယ်စပ်ကုန်သွယ်ရေး ကို မြို့ပေါ် POE က ပြန်ဖွင့်မှ ကုန်သွယ်ခဲ့ရတာပါ ” ဟုပြောသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မောင်တောမှ ကညင်ချောင်း စီးပွားရေးဇုံနှင့် စစ်တွေမှ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဂိတ် နှစ်ခုကို လွန်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်ကောင်စီက ပြန်ဖွင့်ခွင့်ပြုခဲ့သည်။
သို့ရာတွင် ကညင်ချောင်းစီးပွားရေးဇုံ၌ လမ်းပျက်စီးနေသဖြင့် ပို့ကုန်များကို မောင်တောမြို့ ပေါ်ရှိ နယ်စပ် ကုန်သွယ်ရေး (POE)စခန်းမှ တင်ပို့ခဲ့ရသည်ဟု ဦးအောင်စံသိန်းက ပြောသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နိုင်ခဲ့သည့် အဓိကပို့ကုန်များမှာ ငါးမြစ်ချင်း၊ ကြက်သွန်နီ၊ ဇီးယို၊ မန်ကျည်းစေ့၊ မကျည်းသီးဖတ် တို့ဖြစ်ကြသည်။

 

maungdaw

Export, Import Read 615 times