မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် သုံးစွဲရမည့် မရှိမဖြစ်စက်ယန္တရားများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် ၂ဝ၁၈-၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ် ၉ ဒသမ ၉ ဘီလျံ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။
စက်ယန္တရားတွေ ယခုကတည်းကဖြည့်တင်းဝယ်ယူထားမှသာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလောက်ကစလို့ အရှိန်အဟုန်ပြင်းပြင်း ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းထိန်းသိမ်းရေးတွေကို လုပ်ဆောင်နိုင်မည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်က ပြောခဲ့ပါသည်။
မေလအတွင်း ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ဌာနအလိုက် ငွေကြေးအသုံးစရိတ်များ တင်ပြတောင်းခံခဲ့ရာ စည်ပင်သာယာရေးကော်မတီက စက်ယန္တရားများဝယ်ယူရေးအတွက် တင်ပြတောင်းခံခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ပါဝင်ခြင်းမရှိသည့်အတွက် ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးခဲ့ပြီး ဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့သည့်အတွက် လွှတ်တော်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
စည်ပင်သာယာရေးကော်မတီရှိ ဌာနအသီးသီးအတွက် အသုံးပြုနိုင်မည့် နိုင်လွန် ကတ္တရာလမ်းခင်းစက်၊ မြေ၊ ကျောက်၊ သဲသယ်ယာဉ်များ၊ သန့်ရှင်းရေးအမှိုက်သိမ်းယာဉ်၊မြေနှင့် ဘိလပ်မြေရောစပ်စက်၊ လမ်းအပေါက်ဖောက်စက် စသည့် အသုံးဝင်မည့် စက်ယန္တရားများ ဝယ်ယူမည်ဖြစ်ကြောင်း စာရင်းများအရ သိရသည်။
စည်ပင်တွင်မရှိသော စက်ယန္တရားတွေကို ငှားသုံးရသည်မှာ ဈေးအရမ်းကြီး၍ ယခုကဲ့သို့ လိုအပ်တာတွေ ဝယ်လိုက်ခြင်းသည် ရေရှည်အတွက် အဆင်ပြေသွားမည်ဖြစ်ပြီး ကားတွေထဲမှာ တပ်ပြီး စစ်ဆေးတဲ့အခါ လေလွင့်ဆုံးရှုံးမှုတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်သည်ဟု၎င်းက ပြောခဲ့ပါသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အမှိုက်သိမ်းဆည်းနေသည့် မော်တော်ယာဉ်များနှင့် မိလလာယာဉ်များ၏ လမ်းကြောင်းများကို စောင့်ကြည့်နိုင်ရေးနှင့်အမှိုက်သိမ်းဆည်းမှု စနစ်တကျရှိစေရေးအတွက် ဂျီပီအက်စ်စနစ်များကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဂျီပီအက်စ်စနစ်များ အသုံးပြုရခြင်းမှာ နေ့စဉ်သွားလာနေသည့် လမ်းကြောင်းများကို သိရှိနိုင်စေရေး၊ ပြည်သူလူထု၏ အမှိုက်စွန့်ပစ်မှုမျာကို ပိုမို သိမ်းဆည်းပေးနိုင်စေရေးနှင့်ယခင်ထက်ပိုမို စနစ်တကျနှင့် စည်းကမ်းရှိလာစေရေးတို့အတွက် တပ်ဆင်ရခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ပြောခဲ့ပါသည်။
Myanmar Times