သခွားမွှေးစိုက်သူများအတွက် ဓာတ်မြေသြဇာ၊ သွင်းအားစုများ အသင်းမှ ဝယ်ယူပေးမည်


24 September, 2018

ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းဒေသကြီးရှိဖရဲ၊ သခွားမွှေးစိုက်တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများကိုသက်ဆိုင်ရာ တိုင်းဒေသကြီးရှိအသင်းအဖွဲ့များက တာဝန်ယူ၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများထံမှ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရှိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် စက်တင်ဘာ ၇ ရက် ကကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ပထမအကြိမ်သွင်းအားစုများဝယ်ယူသုံးစွဲခြင်းဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် သဘောတူလက်မှတ်ရေထိုးခြင်းအခမ်းအနားတွင် တာဝန်ရှိသူများကပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အသင်းရဲ့ အသင်းခွဲ ၃၀ ကျော်ရှိတဲ့အနက်မှာဒါကပထမဦးဆုံးစံပြအနေနဲ့ သီးနှံတွေအတွက် အခုလိုစုပေါင်းပြီးတော့ ဓာတ်မြေသြဇာ၊ သွင်းအားစုတွေကိုဝယ်ယူဖို့အတွက် သဘောတူလက်မှတ်ရေး ထိုးတာ ဖြစ်ပါတယ်။ ကျန်တဲ့အသင်းအဖွဲ့တွေကလည်းဖရဲ၊ သခွားမွှေးအသင်းကိုနမူနာယူပြီးတော့ ဒီလိုမျိုးဆောင်ရွက် ပါမယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးရဲ့အဓိကပြဿနာကသွင်းအားစုပါပဲ။ ကျွန်တော်တို့ ထုတ်လုပ်မှုစရိတ်မြင့်တဲ့အထဲမှာသွင်းအားစုကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။"ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဌဦးစိုးသန်းမင်းဒင်ကပြောသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးစရိတ်သည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကုန်ကျစရိတ်မြင့်မား နေခြင်းကြောင့် စိုက်ပျိုးရေးသွင်းအားစုများကိုယခုကဲ့သို့ တင်ဒါခေါ်ယူ၍ စုပေါင်းဝယ်ယူမည်ဆိုပါက သွင်းအားစုများကိုဈေး နှုန်းသက်သာစွာဖြင့်ရရှိနိုင်မည့်အပြင် အရည်အသွေးကောင်းမွန်သည့်သွင်း အားစုများကို သုံးစွဲနိုင်ခြင်းကြောင့် သီးနှံများတွင် ဓာတ်ကြွင်းပါဝင်မှုလျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ သွင်းအားစုများစွာဝင်ရောက်နေသော်လည်းအရည်အသွေးမမှန်ကန်သည့် သွင်းအားစုများ ကြောင့် တောင်သူများမှာရွေးချယ်အသုံးပြုရန်အခက်အခဲရှိနေကြောင်းသိရသည်။

ယင်းကြောင့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သောဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုတင်ဒါ ခေါ်ယူ၍ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိဖရဲ၊ သခွားမွှေးစိုက်တောင် သူများကဝယ်ယူပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သွင်းအားစုများရောင်းချပေးရန် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှာ YARA Myanmar ကုမ္ပဏီနှင့် JJ PUN Company Limited တို့ဖြစ်ကာတင်ဒါဝယ်ယူခြင်းနှင့် ပတ်သက်၍ ငွေကြေးကိစ္စများကိုပူးပေါင်းဆောင်ရွက် မည့် Ayeyarwaddy Farmer Development Bank နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

"ငွေကြေးပိုင်းကတော့ လောလောဆယ်ဆွေးနွေးမှုမပြတ်သေးတဲ့အတွက် အတိအကျပြောလို့မရသေးဘူး။ ကျွန်မတို့ရဲ့အရောင်းအဝယ်စာချုပ်ပေါ်မှာပဲဘဏ်ကစာချုပ်ကိုကြည့်ပြီးတော့ ဝန်ဆောင်ခသတ်မှတ်မလား။ တောင်သူကိုတိုက်ရိုက်ချေးမလားဆိုတာပြောဖို့ခက်ပါတယ်။ ဒါပေမဲ့စိုက်ပျိုးရေးရာသီကာလကတော့(၆)လပါ ပဲ။ ချေးငွေဆိုင်းငံ့ကာလ(၅)လအတွင်းဓာတ်မြေသြဇာရော၊ ပိုးသတ်ဆေးရောကရောင်းချပေးမှာပါ။"ဟု မြန်မာ နိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေး မှူး ဒေါ်စန္ဒာမျိုးကပြောသည်။

တင်ဒါအဆိုပြုချက်အတိုင်းသတ်မှတ်ကာလမှာရာသီစိုက်ပျိုးပြီး၍ သီးနှံထွက်ပေါ်လာသည့် တစ်လ အတွင်းသွင်းအားစုစရိတ် ပြန်လည်ပေးသွင်းရန် တောင်သူများကရွေးချယ်ထားသော်လည်း ငွေကြေးပိုင်းနှင့် ပတ်သက်၍ လက်ရှိအတွင် ဆွေးနွေးမှုမပြီးပြတ်သေးသဖြင့် အရောင်းအဝယ်စာချုပ် ပေါ်မူတည်ကာ ဝန်ဆောင်ခကိုသတ်မှတ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်းသိရသည်။

 

Local News Agriculture & Livestock Read 522 times