မြန်မာနိုင်ငံရှိ ဟိုတယ်များနှင့် ကျွန်းများ၏ လုပ်ပိုင်ခွင့်တွေကို ဝယ်ယူလိုက်တဲ့ Memories Group


26 July, 2018

မြန်မာနိုင်ငံအခြေစိုက် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သော Memories Group က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုနှင့် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတို့ကို အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇ မီလီယံဖြင့် ဝယ်ယူခဲ့တယ်လို့ Yoma Strategic Holdings မှ ကြေညာခဲ့ပါသည်။

Memories Group သည် SM Asset Holdings (SMAH) ထံမှ လုပ်ငန်းနှစ်ခု၏ ရှယ်ယာများကို ၁၀၀ ရာခိုင်နှုန်း ဝယ်ယူခဲ့သည်။ ထို့အပြင် Mokan Pte Ltd, ထံမှ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ကျန် ၈၀ ရာခိုင်နှုန်းကိုမူ (SMAH) ကပိုင်ဆိုင်ထားကြောင်း သိရသည်။

ထိုကဲ့သို့ဝယ်ယူခဲ့သောကြောင့် Memories Group အနေဖြင့် ကြယ်သုံးပွင့်အဆင့်ရှိသော Suggati ဟိုတယ်နှင့် ကြယ်ငါးပွင့်အဆင့်ရှိ Awei Pila အပန်းဖြေနေရာတို့၏ လုပ်ငန်းလုပ်ပိုင်ခွင့်ကို ရရှိခဲ့ပါသည်။ သို့သော် ၎င်းလုပ်ငန်းများသည် ယခုတိုင် ဆောက်လုပ်ဆဲကာလတွင်သာရှိသေးကြောင်း သိရသည်။

ထို့အပြင် Bo Ywe ကျွန်း၊ Nga Mann ကျွန်းနှင့် Kyun Pila ကျွန်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ပိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ယခုနှစ်အစောပိုင်း Memories Group ၏ ပထမအပတ် ဘဏ္ဍာရေးရှင်းတမ်းများအရ အမေရိကန်ဒေါ်လာ ၅ သိန်းခန့်ကို Hpa An Lodge ဟိုတယ်လုပ်ငန်း၊ Kayah အပန်းဖြေဟိုတယ်လုပ်ငန်းများမှ ရရှိခဲ့ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ပြီး မိုးပျံပူဖောင်း ပျံသန်းခြင်း ဝန်ဆောင်မှုလုပ်ငန်း၏ လုပ်ငန်းသက်တမ်းကာလကိုလည်း တိုးချဲ့နိုင်ခဲ့တယ်လို့ သိရသည်။

၎င်းကြေညာချက်အရ မြန်မာနိုင်ငံ၏ မိုးရာသီကာလအတွင်း ကုမ္ပဏီသည် ဈေးကွက်ဝယ်လိုအားနှင့် ရောင်းအားကိုပါ ချဲ့ထွင်နိုင်ခဲ့ကြောင်း သိရပါသည်။

ထို့ကြောင့် ကုမ္ပဏီ၏ မိုးပျံပူဖောင်း ပျံသန်းခြင်း ဝန်ဆောင်မှုလုပ်ငန်းကိုလည်း ယခုထက်ပိုမိုတွင်ကျယ်လာအောင် ၂၀၁၉ မေလမတိုင်မီအချိန်အတွင်း ကြိုးစားသွားမည်ဟု သိရသည်။

၎င်းဝန်ဆောင်မှုလုပ်ငန်းကိုပဲ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ခရီသွားဈေးကွက်များသို့ချဲ့ထွင်ရင်း အနောက်နိုင်ငံများရှိ ခရီးသွားများထံမှပါ ဈေးကွက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

Businesstimes

Local News Investment/Divestment Read 815 times