သယံဇာတ တူးဖော်မှုများကို သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို အကဲဖြတ်ပြီးတဲ့နောက်မှာ ပြည်တွင်းပြည်ပ သတ္တုတွင်း လုပ်ငန်းများကို ခွင့်ပြုပေးသွားတော့မှာ ဖြစ်ပါတယ်။
သယံဇာတမျာ တူးဖော်ထုတ်လုပ်တာတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် စိုးရိမ်တကြီး ဖြစ်ကြရတာကြောင့် ၂၀၁၆ ခုနှစ်မှာ သတ္တုတူးဖော်မှုများကို ရပ်ဆိုင်းခဲ့ပါတယ်။ သတ္တုတူးဖော်မှုများရဲ့ တည်နေရာနဲ့ ရေအရင်းအမြစ်များ တည်နေရာတို့အကြား ခွင့်ပြုပေးတဲ့ အကွာအဝေးနဲ့ ပတ်သက်လို့ ညွှန်ကြားတဲ့ စည်းမျဉ်းတွေ တစ်ပြေးညီ မဖြစ်တာကြောင့် ဥပဒေကြောင်းမှာ အဆုံးအဖြတ်ပြုဖို့ ရှုပ်ထွေးနေခဲ့တယ်။ အဲဒီ ရှုပ်ထွေးမှုဟာ ၂၀၁၂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပြီး ၂၀၁၈ မြန်မာ သတ္တုတွင်း ဥပဒေမှာ တညီတညွှတ်တည်း ဖြစ်သွားခဲ့တာမို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လုပ်ကိုင်ဖို့ အဆင်ပြေသွားခဲ့ပါတယ်။
ထို့အတွက် သတ္တုတွင်း ၅၀၀ ကျော်ကို စစ်ဆေးကြည့်ရှုခဲ့ပြီး ပြုပြင်ပြောင်းလဲချက်တွေ အများအပြား ချမှတ်ပေးခဲ့တယ်။ ယခုအခါ သတ္တုတွင်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြဖို့ အဆင်ပြေသွားပြီဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် သတ္တုတွင်းကဏ္ဍက ကျေးဇူးပြုပေးနိုင်တော့မှာဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြည်က ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်ကစလို့ ၂ နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်လို့ ၎င်းက အသိပေးပြောကြားခဲ့ပါတယ်။
“သတ္တုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမို ဆွဲဆောင်နိုင်ဖို့က ဥပဒေ နည်းဥပဒေနဲ့လုပ်ထုံး လုပ်နည်း တွေကို ဖြစ်နိုင်သမျှ ရိုးရှင်း လွယ်ကူနေဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော် အလေးအနက်ထား ပြောကြားလိုပါတယ်” လို့ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောခဲ့ပါတယ်။
ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ အနေဖြင့် အရွယ်အစားအရ ပြောရရင် အကြီးစားလုပ်ကွက်တွေမှာ ဧက ငါးသိန်းကျော် အကျယ်အဝန်းမှာ လုပ်ကိုင်နိုင်သလို အလယ်အလတ် အရွယ်အစားမှာ ဟက ၂၀၀ ကျော်ဝန်းကျင်ဖြင့် လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒါအပြင် အကျယ်အဝန်း ၄ ဧက ဝန်းကျင်ရှိတဲ့ လုပ်ကွက်တွေမှာ လုပ်ငန်းအသေးစားတွေက အဖိုးတန်သတ္တု ရှာဖွေတူးဖော်တာကိုလည်း ခွင့်ပြုပေးပါတယ်။ ၁၀ ဧက၊ ၂၀ ဧက အကျယ်အဝန်းရှိတဲ့ စက်မှုကုန်ကြမ်း ရှာဖွေတူးဖော်ခြင်းနဲ့ အဖိုးတန် ရတနာ ရှာဖွေတူးဖော်ခြင်းတို့ကိုလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ အာဏာစတည်သက်ရောက်တဲ့ သတ္တုတွင်းဥပဒေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက အသေးစားလုပ်ကွက်တွေကို ကြပ်မတ်ဖို့ လုပ်ပိုင်ခွင့် အပ်နှင်းပေးထားပါတယ်။ အလတ်စားနဲ့ အကြီးစား လုပ်ကွက်တွေကတော့ ပြည်ထောင်စုဝန်ကြီးဌာနထံမှာ ခွင့်ပြုမိန့် ရယူရမှာ ဖြစ်ပါတယ်။ ပိုငယ်တဲ့ လုပ်ကွက်တွေကတော့ သတ္တုတွင်း ဦးစီးဌာနမှာ ခွင့်ပြုမိန့် ရယူရမှာ ဖြစ်ပါတယ်။
သြစတေးလျမှ သတ္တုတွင်းကုမ္ပဏီ PanAust ဟာ ဝန်းသိုမှာ ရှာဖွေတူးဖော်ဖို့ သတ္တုသိုက် စမ်းသပ်တိုင်းတာရေးနှင့် သတ္တုသိုက်ပမာဏ သုံးသပ်လေ့လာရေးများ လုပ်ကိုင်ဖို့ ခွင့်ပြုမိန့် ရရှိထားပြီးပြီ ဖြစ်ပါတယ်။ အလားတူပင် သြစတေးလျ၊ တရုတ်နဲ့ ဂျပန်တို့မှ ကုမ္ပဏီတွေလည်း ခွင့်ပြုမိန့်ရရှိဖို့ ဆောင်ရွက်နေကြပါတယ်။
အခုလို ခွင့်ပြုမိန့်ရရှိတာ ဝန်းသိုလုပ်ကွက်က ပထမဆုံးဖြစ်ပြီး ကျန်တဲ့ လျှောက်လွာတွေကို စိစစ်ပြီး ခွင့်ပြုသင့်ရင် ခွင့်ပြုပေးသွားမှာဖြစ်လို့ လာမယ့် သုံးလေးလအတွင်းမှာ နောက်ထပ် ခွင့်ပြုမိန့် ၇ ခု ၈ခု လောက် ကျမယ်လို့ မျှော်မှန်းထားကြပါတယ်။