အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်ခြင်းကို ၂၀၂၀ မေလတွင် သတ်မှတ်ရမည်ဖြစ်သော်လည်း Covid-19 ရိုက်ခတ်မှုကြောင့်စီးပွားရေး လုပ်ငန်းများအဆင်မပြေသဖြင့် ရွှေ့ဆိုင်းထားရာမှ လက်ရှိမှာတော့ အစိုးရအသစ်ဖွဲ့စည်းပြီးမှသာအဆိုပါ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့်ပတ်သက်၍ ပြန်လည်စတင်လာနိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများကပြောပါတယ်။
"အခုလက်ရှိနိုင်ငံရေးအခြေအနေအရဆိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက လွှတ်တော်ပြန်ခေါ်ဖို့တွေ အစိုးရအသစ်ဖွဲ့စည်းဖို့တွေလုပ်မှာ။ကျွန်တော်ထင်တယ် အနည်းဆုံးလုပ်ခလစာကတော့အချိန်ပိုကြန့်ကြာသွားနိုင်တာပေါ့။NLD အစိုးရအနေနဲ့ အနည်းဆုံးလုပ်ခလစာနဲ့စပ်လျဉ်းပြီး ကျွန်တော်တို့အလုပ်သမားတွေအတွက်အဆင်ပြေအောင်လို့သတ်မှတ်ထားတဲ့အချိန်အတွင်းမလုပ်နိုင်ဘူးဆိုတာကတော့ပေါ်လွင်သွားတာပေါ့"လို့မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ကပြောပါတယ်။
ကိုဗစ်ကာလအတွင်းလုပ်ငန်းများဆက်လက်ရပ်တည်ရန်ပင်ခက်ခဲနေချိန် အနည်းဆုံးလုပ်ခလစာသတ်မှတ်ရန်မှာအချိန်မတန်သေးကြောင်း အနည်းဆုံးအခကြေးငွေသက်မှတ်ရေး အမျိုးအဆင့်ကော်မတီဝင် UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်ကအနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့်ပတ်သက်၍ မှတ်ချက်ပြုထားပါတယ်။
"အခကြေးငွေဥပဒေနဲ့အညီ နှစ်နှစ်မှာအနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ပေးဖို့အားနည်းနေတာနဲ့အတူ တစ်ဖက်ကလည်းဥပဒေကိုပြင်ဖို့ကြိုးစာနေတာပေါ့။အကြောင်းအမျိုးမျိုးကြောင့်ပြီးခဲ့တဲ့သက်တမ်းမှာ မပြီးပေမယ့် လာမယ့် သက်တမ်းမှာပြင်မယ်လို့ယူဆရတယ်။ပြင်ဆင်ရင်တော့အလုပ်သမားတွေအတွက်အနည်းဆုံးအခကြေးငွေကရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်မှာပေါ့။အလုပ်သမားအဖွဲ့ချုပ်ကြီးတွေရဲ့အသံကိုက ဒီနေရာမှာအားနည်းနေတယ်။အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် တည်ဆဲအစိုးရကလက်ရှိယန္တရားတိုင်းမလုပ်ပေးဘူးဆိုရင်တိုက်ပွဲဝင်ကြရမှာဘဲ။မြန်မာနိုင်ငံမှာရရှိတဲ့အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကအာရှမှာ အိမ်နီးချင်းနိုင်ငံတွေမှာအနည်းဆုံးဘဲ"လို့အလုပ်သမားအရေးကူညီဆောင်ရွက်သူတရားလွှတ်တော်ရှေ့နေဦးဌေးကပြောပါတယ်။
တတိယအကြိမ်မြောက်အနည်းဆုံးလုပ်ခလစာပြင်ဆင်ပြောင်းလဲ သတ်မှတ်ခြင်းကိုမေလ ၁၄ ရက်တွင် သတ်မှတ်ရမည်ဖြစ်သော်လည်းကိုဗစ် ရောဂါ၏ရိုက်ခတ်မှုများကြောင့် ပြင်ဆင်သတ်မှတ်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်ပြီး အလုပ်သမားအဖွဲ့ချုပ်များအနေဖြင့် အနည်းဆုံးအခကြေးငွေကို့ကျပ် ၇၀၀၀ မှ ၈၀၀၀ ကျပ်ကြားသတ်မှတ်နိုင်ရန်အစိုးရသို့တင်ပြထားကြပါတယ်။
MyanmarLabourNews