ဟိန္ဒားသတ္တုတွင်းထုတ်လုပ်ခွင့်တင်ဒါစနစ် ချထားပေးသင့်ဟုဆို


10 September, 2018

ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ်ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် နောက်ထပ်ထုတ်လုပ်ခွင့်ကိုတင်ဒါစနစ်ဖြင့်သာဆောင်ရွက်သင့်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ပေးထားကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမြင့်မောင်က ပြောဆိုသည်။

သဘောထားမှတ်ချက်ပြု

******

မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်းမှာလာမည့် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင်ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် ယင်းကုမ္ပဏီက ပြည်ထောင်စုအစိုးရထံ နောက်ထပ်ထုတ်လုပ်ခွင့်ချထားပေးရန် တင်ပြခဲ့ရာ ပြည်ထောင်စုမှ တိုင်းအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်တောင်းခံသဖြင့် ပြီးခဲ့သည့်အပတ်က အထက်ပါအတိုင်း သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

လုပ်ဆောင်ခြင်းမရှိ

******

ဟိန္ဒားသတ္တုတွင်း၏ မြေပြင်အနေအထားအရ မြန်မာပွန်ပီပက်ကုမ္ပဏီက မြန်မာ့သတ္တု တွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်ခြင်းမရှိသည်ကို တွေ့ရသဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်သည့်ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်နိုင်စေရန် ယင်းသို့သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဦးမြင့်မောင်က ပြောဆိုသည်။ ဥပဒေအရဓာတ်သတ္တု အကြီးစားထုတ်လုပ်ခွင့်ကို ပြည်ထောင်စုကချထားပေးခြင်းဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက ဟိန္ဒားသတ္တုလုပ်ကွက်ဧရိယာ ၂၁၀၅ ဒသမ ၆၀ ဧကတွင် ထုတ်လုပ်ခွင့်ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်နှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လကုန်အထိ ငါးနှစ်ထုတ်လုပ်ခွင့်ရရှိထားပြီး စည်းကမ်းပျက်သတ္တုထုတ်လုပ်မှုကြောင့် ယခုအစိုးရလက်ထက်တွင် သတ္တုထုတ်ခွင့် မကြာခဏရပ်ဆိုင်းခံခဲ့ရသည်။

ပျက်စီးမှုဖြစ်ပေါ်

******

ယင်းကုမ္ပဏီ၏ စည်းကမ်းမဲ့သတ္တုထုတ်လုပ်မှုကြောင့် မြောင်းပြိုချောင်းနှင့်ဟိန္ဒားချောင်းတို့ပျက်စီးခဲ့ပြီး ချောင်းတစ်ဝိုက်ရှိ ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ၊ သောက်သုံးရေများပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းပျက်စီးဆုံးရှုံးမှုများအတွက် ကုမ္ပဏီက တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိဘဲ ထွက်ခွာသွားမည်ကို စိုးရိမ်ကြောင်း ဟိန္ဒားသတ္တုလုပ်ကွက်စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးရဲအောင်က ပြောဆိုသည်။

Myanmar times

Local News Read 420 times