မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ချေးငွေသတင်းအချက်အလက်ဌာနက ကမ္ဘာ့အဆင့်မီ နည်းပညာနှင့် စံနှုန်းများ အသုံးပြုထားသော ဝန်ဆောင်မှုများ စတင်မိတ်ဆက်


14 January, 2021

မြန်မာချေးငွေသတင်းအချက်အလက်ဌာန၏ လုပ်ဆောင်ချက်များဖြင့် နိုင်ငံ၏ ဘဏ်နှင့် ငွေကြေးလုပ်ငန်းနယ်ပယ်ကို အားဖြည့်ကူညီပေးနိုင်ပြီး တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများ ပိုမို လက်လှမ်းမီလာနိုင်ရန် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

မြန်မာချေးငွေသတင်းအချက်အလက်ဌာန (MMCB) မှ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ချေးငွေရယူလိုသူများနှင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အပံ့ဖြစ်စေမည့် ဝန်ဆောင်မှုများကို တရားဝင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော ချေးငွေသတင်းအချက်အလက်ဌာနဖြစ်သည့် MMCB သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပြီး ခေတ်မီ ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို တပ်ဆင်ထားပြီး ဖြစ်သည်။ MMCB အနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်သိစွာ ချေးငွေရယူခြင်း အလေ့အထကို ပိုမို မြှင့်တင်ပေးရန်နှင့် ချေးငွေရယူလိုသည့် တစ်ဦးချင်းနှင့် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများ ပိုမို လက်လှမ်းမီ လာနိုင်ရန် တိုးချဲ့ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုဝင်ဘာလ အစောပိုင်းတွင် စတင်စမ်းသပ် မိတ်ဆက်ခဲ့ပြီးနောက် MMCB သည် ၎င်း၏ အဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံအတွင်းရှိ ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေရယူထားသူများ၏ သတင်းအချက်အလက်များကို ဗဟိုစနစ်တစ်ခုအတွင်း စုစည်းထိန်းသိမ်းနေခဲ့ပါသည်။ အဆိုပါအချက်အလက်များအတွင်း ငွေချေးသူ၏ ကိုယ်ရေးအချက်အလက်နှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များ၊ ချေးငွေရယူထားသော စာရင်းအမှတ်များနှင့် ပြန်လည်ပေးဆပ်မှု မှတ်တမ်းရာဇဝင် အပါအဝင် ချေးငွေအတွက် အာမခံအပေါင် ပစ္စည်းစာရင်းများ ပါရှိပါသည်။ စုစည်းထားသည့် အချက်အလက်များဖြင့် ဌာနမှ တစ်ဦးချင်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများ၏ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာများ ထုတ်ပေးနိုင်သည့်အတွက် ငွေကြေးအဖွဲ့အစည်းများအား ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန်၊ တိတိကျကျ ချမှတ်နိုင်စေရန် ကူညီပေးနိုင်ပါသည်။

မြန်မာချေးငွေသတင်းအချက်အလက်ဌာနတစ်ခုမှ တိကျသေချာသည့် ချေးငွေဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေပေးသည့်အတွက် ဘဏ်များအနေဖြင့် ချေးငွေထုတ်ပေးရာတွင် ဆုံးရှုံးနိုင်ခြေများကို ပိုမို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ချေးငွေဆိုင်ရာ အမှားအယွင်းများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဘဏ်များ၏ ဆုံးရှုံးမှုများ လျော့ကျလာသည့်အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ ကုမ္ပဏီများကိုဖြစ်စေ ငွေရေးကြေးရေး ဝန်ဆောင်မှုများ ထပ်မံ ပေးအပ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို ရယူအသုံးပြုနိုင်သောကြောင့် မသမာမှုများမှ ကာကွယ်ပေးနိုင်ပြီး ချေးငွေဈေးကွက်ကို ပိုမို ဘေးကင်းလုံခြုံစေမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာချေးငွေသတင်းအချက်အလက်ဌာနမှ ချေးငွေမှတ်တမ်း ရာဇဝင်နောက်ခံကို စစ်ဆေးပြီး အချက်အလက်များ စနစ်တကျ ပံ့ပိုးပေးထားသည့်အတွက် ငွေချေးသူများမှာလည်း ချေးငွေထုတ်ပေးနေသော အဖွဲ့အစည်းများထံက ပိုပြီး မြန်ဆန်သည့် ဝန်ဆောင်မှုများကို အပြိုင်အဆိုင် ပေးအပ်နိုင်ရန် ကြိုးပမ်းလာကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

 

 

“မြန်မာချေးငွေသတင်းအချက်အလက်ဌာန (Myanmar Credit Bureau Limited) ဖွဲ့စည်းတည်ထောင်လိုက်နိုင်တာကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ခရီးလမ်းမှာ အထင်ကရ မှတ်တိုင်တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့သမိုင်းမှာ ပထမဦးဆုံးအနေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကြားမှာ ချေးငွေဆိုင်ရာသတင်းအချက်အလက်တွေကို မျှဝေပြီး ချေးငွေယူချင်တဲ့ customer တွေကို ငွေချေးပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို သေသေချာချာ လေ့လာပြီး စီမံခန့်ခွဲနိုင်စေမှာ ဖြစ်ပါတယ်။ MMCB ဟာ မြန်မာ့ငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ကျကျ ဆောင်ရွက်မှုတွေကို ပိုမို မြှင့်တင်ပေးနိုင်တဲ့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ငွေကြေးဆုံးရှုံးနိုင်ခြေရှိသော လုပ်ဆောင်ချက်များ လျှော့ချနိုင်ရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ ဘဏ်တွေရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲနိုင်စွမ်း risk management capabilities တွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝန်းက နေ့စဉ် ဝန်ဆောင်မှုရယူလိုသူတွေအပြင် အသေးစား စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးအတွက် ငွေကြေးဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်နိုင်အောင် ကူညီပေးနေပါတယ်” ဟု MMCB ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်လင်းအောင် က ပြောသည်။

 

MMCB မှ တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေသတင်းအချက်အလက်အစီရင်ခံစာ ထုတ်ပေးနိုင်သည့်အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်း (သို့မဟုတ်) ကုမ္ပဏီတစ်ခု၏ ချေးငွေမှတ်တမ်းတွင် မသင်္ကာစရာ အပြုအမူတစ်ခုခုနှင့် ဆက်နွယ်နေနိုင်သည့် အပြောင်းအလဲများကို ပုံမှန် စစ်ဆေးပေးနိုင်သော ချေးငွေအချက်အလက် စောင့်ကြည့်ခြင်းကဲ့သို့ ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှုများကိုလည်း ပေးအပ်လျက် ရှိပါသည်။

ထို့အပြင် ဌာနအနေဖြင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြေရှင်းဆောင်ရွက်ချက် အမျိုးမျိုးကိုလည်း အထောက်အပံ့ ပေးနိုင်ပါသည်။ အဆိုပါဆောင်ရွက်ချက်များအတွင်း အဖွဲ့ဝင်များအတွက် လုပ်ငန်းနယ်ပယ်နှင့် ဒေတာအချက်အလက်များအပေါ် မူတည်၍ စိစစ်သုံးသပ်ချက်များကို ထုတ်ပေးနိုင်သည့်အတွက် ပိုမို ကောင်းမွန်သည့် ချေးငွေဆိုင်ရာ နည်းဗျုဟာများကို ချမှတ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဌာနမှပေးအပ်သော အကြံပြုချက်များမှတစ်ဆင့် ချေးငွေဝန်ဆောင်မှု ထုတ်ကုန်သစ်များကို ဖန်တီးနိုင်ပါသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေအကဲဖြတ် သတ်မှတ်ပေးနိုင်မည် ဖြစ်ပါသည်။ မြန်မာချေးငွေသတင်းအချက်အလက်ဌာန၏ အဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်သူလူထုအကြား ငွေကြေးဆိုင်ရာ အသိပညာများ မြှင့်တင်ပေးနိုင်ပြီး ချေးငွေရယူသော အလေ့အထကောင်းများ ကျင့်သုံးလာစေရန် တိုက်တွန်း အားပေးမည် ဖြစ်ပါသည်။

 

“ချေးငွေသတင်းအချက်အလက်ဌာနတွေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာပါ။ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတိုင်းလိုလိုမှာ ကျင့်သုံးနေကြတဲ့ ချေးငွေအကဲဖြတ်ခြင်းနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်အတွက် တစ်ကယ့်ကို မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာဆိုရင်လည်း အားလုံးပါဝင်နိုင်တဲ့ ငွေရေးကြေးရေး ကဏ္ဍတစ်ခု ပေါ်ပေါက်လာအောင် မြှင့်တင်တဲ့နေရာမှာ၊ ချေးငှားမှုဆိုင်ရာ အလေ့အထကောင်းတွေ ပေါ်ပေါက်လာအောင် အားပေးတိုက်တွန်းတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပံ့ပိုးပေးလျက် ရှိပါတယ်။ ငွေရေးကြေးရေးဆိုင်ရာ ကတိကဝတ်တွေအတွက် တာဝန်သိတဲ့ ငွေချေးသူတွေမှာ ချေးငွေမှတ်တမ်း ရာဇဝင်ကောင်းတစ်ခု ရှိထားမှာဖြစ်လို့ နောက်ထပ် ချေးငွေအသစ်တွေကို မြန်မြန်ဆန်ဆန် ရယူနိုင်အောင်လည်း အထောက်အကူပြုနိုင်ပါတယ်” ဟု ဦးဇော်လင်းအောင် က ထပ်မံ ပြောကြားခဲ့သည်။

MMCB သည် မြန်မာနိုင်ငံဘဏ်များအသင်း၏ အဖွဲ့ဝင်ဘဏ်များဖြင့် တည်ထောင်ထားသော MB Investment Limited နှင့် Credit Bureau Asia Limited (CBA) မှ ပိုင်ဆိုင်သော လုပ်ငန်းခွဲတစ်ခုဖြစ်သည့် NSP Asia Investment Holding Pte Ltd တို့အတူ ပူးတွဲတည်ထောင်ထားသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ စင်ကာပူ အခြေစိုက် CBA အဖွဲ့အစည်းသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကပင် စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ချေးငွေသတင်းအချက်အလက်ဌာနများ စတင်တည်ထောင် လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ MMCB တွင် နိုင်ငံတကာအဆင့်မီ စံနှုန်းများဖြင့် လည်ပတ်ဆောင်ရွက်နိုင်ရန်၊ ကမ္ဘာ့အဆင့်မီ လုံခြုံရေး၊ နည်းပညာ စနစ်များ အသုံးပြုရာတွင် CBA ၏ ကျွမ်းကျင်မှုများကို အသုံးချထားပါသည်။

“မြန်မာချေးငွေသတင်းအချက်အလက်ဌာန တည်ထောင်ဖို့အတွက် အာဆီယံနိုင်ငံတစ်လွှားမှာ ချေးငွေအချက်အလက် ဌာနပေါင်းများစွာကို စတင်တည်ထောင်ပြီး လည်ပတ်ဆောင်ရွက်နေတဲ့ NSP Asia ရဲ့ ကြီးမားကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကို အသုံးချခဲ့ပါတယ်။ ဒီထဲမှာ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေနဲ့ ကမ္ဘာ့အဆင့်မီ လုပ်ထုံးလုပ်နည်းတွေကို တပ်ဆင်အသုံးပြုပြီး မြန်မာနိုင်ငံက ငွေရေးကြေးရေး အဖွဲ့အစည်းတွေအတွက် တိကျမှန်ကန်တဲ့ ချေးငွေသတင်းအချက်အလက်တွေ ပေးအပ်နိုင်အောင် ဆောင်ရွက်ပေးနေတာလည်း အပါအဝင် ဖြစ်ပါတယ်။ အာရှဒေသမှာ ကျွန်တော်တို့ရထားတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ချေးငွေသတင်းအချက်အလက် ဌာနတွေကနေ ချေးငွေရလိုသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ ရယူနိုင်အောင် ဖန်တီးပေးပြီး၊ ချေးငွေလျှောက်လွှာတွေကိုလည်း မြန်ဆန်စွာ ဆောင်ရွက်နိုင်စေတဲ့အတွက် ပိုပြီး အဆင်ပြေလွယ်ကူသွားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်” ဟု NSP Asia Investment Holding Pte Ltd ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. William Lim က ပြောသည်။

၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် MMCB အား ချေးငွေသတင်းအချက်အလက် လုပ်ငန်းလုပ်ကိုင်ခွင့် ပေးအပ်ခဲ့ပါသည်။ မြန်မာချေးငွေသတင်းအချက်အလက်ဌာနနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင်ရှိပြီး ချေးငွေသတင်းအချက်အလက်အစီရင်ခံခြင်းစနစ်ဆိုင်ရာ စည်းမျဉ်းအရ တင်းကျပ်သည့် လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်စံများကို စောင့်ထိန်းလိုက်နာရန် လိုအပ်ပါသည်။ အဆိုပါသတ်မှတ်ချက်များသည် အာရှဒေသတစ်ဝန်းရှိ ချေးငွေသတင်းအချက်အလက်ဌာနများ လိုက်နာကျင့်သုံး နေသည့် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ထားခြင်းဖြစ်ပြီး သတင်းအချက်အလက်များကို စုဆောင်း၊ ထိန်းသိမ်း၊ အသုံးချ၊ ထုတ်ပြရာတွင် လိုက်နာရမည့် လုပ်ငန်းမူဝါဒများ ဖြစ်ပါသည်။

MMCB သည် ချေးငွေရယူသူများ၏ စုဆောင်းငွေ (သို့မဟုတ်) ပိုင်ဆိုင်မှုများနှင့်ဆိုင်သော အသေးစိတ် အချက်အလက်များကို စုဆောင်းရယူခြင်း မရှိပါ။ ထို့အတူ ငွေကြေးအဖွဲ့အစည်းများကိုယ်စား ချေးငွေရယူခြင်းဆိုင်ရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းများလည်း မပြုလုပ်ပါ။ သို့သော်လည်း ချေးငွေပေးရန် အလားအလာရှိသော customer တစ်ဦးအား ချေးငွေဆိုင်ရာ အတည်ပြုချက်တစ်ခုခု မပေးခင် (သို့မဟုတ်) လက်ရှိချေးငွေအပြင် ထပ်မံပြီး ချေးငွေထုတ်ပေးရန် မဆုံးဖြတ်ခင် အချိန်အတွင်း အဖွဲ့ဝင်များမှ တောင်းဆိုချက်များ ပေးပို့နိုင်ပါသည်။

MMCB တွင် ချေးငွေသတင်းအချက်အလက်ဌာန ဆော့ဖ်ဝဲလ်စနစ်ကို ခွင့်ပြုချက်ရှိသူများသာ ကြည့်ရှုနိုင်အောင် အပြည့်အဝ ပြင်ဆင်အသုံးပြုထားပြီး ဖြစ်ပါသည်။ အဆိုပါစနစ်မှာ နိုင်ငံတကာတွင် လူသိများသော အကောင်းဆုံး စနစ်များကိုသာ အခြေခံပြီး အသုံးပြုထားခြင်းဖြစ်သည့်အတွက် ၎င်း၏ နည်းပညာ အခြေခံအဆောက်အအုံမှာ Global IT Risk Management Standards နှင့်လည်း ကိုက်ညီပြီးသား ဖြစ်စေပါသည်။

 

MMCB_Website_Credit_to_MMCB.png

MMCB အကြောင်း၊ ၎င်း၏ ဝန်ဆောင်မှုနှင့် အဖွဲ့ဝင်များအကြောင်း အသေးစိတ် သိရှိလိုပါက

https://creditbureau.com.mm/

တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MMCB ကို ဆက်သွယ်လိုပါက

ဖုန်း - ၀၉ ၆၆၇ ၀၀၀ ၀၈၀

အီးမေးလ် - [email protected]

မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

 

မြန်မာချေးငွေသတင်းအချက်အလက်ဌာန (MMCB) အကြောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မြန်မာချေးငွေသတင်းအချက်အလက်ဌာန (MMCB) သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော ချေးငွေသတင်းအချက်အလက်ဌာနတစ်ခု ဖြစ်သည်။ ဌာနတွင် ခေတ်မီ ချေးငွေသတင်းအချက်အလက်အစီရင်ခံခြင်း စနစ်ကို တပ်ဆင်ထားပြီး မြန်မာနိုင်ငံတွင် တာဝန်သိစွာ ချေးငွေရယူခြင်း အလေ့အထကို ပိုမို မြှင့်တင်ပေးရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ MMCB သည် MB Investment Limited နှင့် စင်ကာပူမှ NSP Asia Investment Holding Pte Ltd တို့အတူ ပူးတွဲတည်ထောင်ထားသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

MB Investment Limited ကို မြန်မာနိုင်ငံဘဏ်များအသင်း၏ အဖွဲ့ဝင်ဘဏ်များဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွက် မှတ်ပုံတင် ထားပါသည်။

 

NSP Asia Investment Holding Pte Ltd မှာ Credit Bureau Asia Limited (CBA) ပိုင် လုပ်ငန်းခွဲတစ်ခု ဖြစ်ပါသည်။ CBA သည် Infocredit Holdings ၏ အဓိက ရှယ်ယာရှင်ဖြစ်ပြီး Credit Bureau (Singapore) Pte Ltd ၊ Dun & Bradstreet Singapore နှင့် Dun & Bradstreet Malaysia အပါအဝင် အာရှဒေသအတွင်း ချေးငွေသတင်းအချက်အလက်နှင့် ချေးငွေသတင်းအချက်အလက် ပေးပို့ခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အခြား ကုမ္ပဏီများ၏ ရှယ်ယာ အများစုကိုလည်း ပိုင်ဆိုင်ထားပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း CBA သည် မလေးရှား၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတွင် သတင်းအချက်အလက်ဌာန ကနဦး လှုပ်ရှားမှုနှင့် လုပ်ငန်းဆောင်တာများ အပါအဝင် ၎င်း၏ စီးပွားရေးနယ်ပယ်များကို တိုးချဲ့လာခဲ့ပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက

https://creditbureau.com.mm

www.facebook.com/myanmarcreditbureau

 

တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Banking & Loan Read 402 times