မြန်မာချေးငွေသတင်းအချက်အလက်ဌာန (MMCB) လုပ်ငန်းစတင်


31 December, 2020

မြန်မာချေးငွေသတင်းအချက်အလက်ဌာန (MMCB) မှ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ချေးငွေရယူလိုသူများနှင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အပံ့ဖြစ်စေမည့် ဝန်ဆောင်မှုများကို တရားဝင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန် ကြေညာသည်။ 

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော ချေးငွေသတင်းအချက်အလက်ဌာနဖြစ်သည့် MMCB သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပြီး ခေတ်မီ ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို တပ်ဆင်ထားပြီး ဖြစ်သည်။
နိုဝင်ဘာလ အစောပိုင်းတွင် စတင်စမ်းသပ် မိတ်ဆက်ခဲ့ပြီးနောက် MMCB သည် ၎င်း၏ အဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံအတွင်းရှိ ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေရယူထားသူများ၏ သတင်းအချက်အလက်များကို ဗဟိုစနစ်တစ်ခုအတွင်း စုစည်းထိန်းသိမ်းနေခဲ့သည်။ အဆိုပါအချက်အလက်များအတွင်း ငွေချေးသူ၏ ကိုယ်ရေးအချက်အလက်နှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များ၊ ချေးငွေရယူထားသော စာရင်းအမှတ်များနှင့် ပြန်လည်ပေးဆပ်မှု မှတ်တမ်းရာဇဝင် အပါအဝင် ချေးငွေအတွက် အာမခံအပေါင် ပစ္စည်းစာရင်းများ ပါရှိသည်။ စုစည်းထားသည့် အချက်အလက်များဖြင့် ဌာနမှ တစ်ဦးချင်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများ၏ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာများ ထုတ်ပေးနိုင်သည့်အတွက် ငွေကြေးအဖွဲ့အစည်းများအား ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန်၊ တိတိကျကျ ချမှတ်နိုင်စေရန် ကူညီပေးနိုင်မည်ဟုလည်းဆိုသည်။
မြန်မာချေးငွေသတင်းအချက်အလက်ဌာနတစ်ခုမှ တိကျသေချာသည့် ချေးငွေဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေပေးသည့်အတွက် ဘဏ်များအနေဖြင့် ချေးငွေထုတ်ပေးရာတွင် ဆုံးရှုံးနိုင်ခြေများကို ပိုမို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ချေးငွေဆိုင်ရာ အမှားအယွင်းများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဘဏ်များ၏ ဆုံးရှုံးမှုများ လျော့ကျလာသည့်အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ ကုမ္ပဏီများကိုဖြစ်စေ ငွေရေးကြေးရေး ဝန်ဆောင်မှုများ ထပ်မံ ပေးအပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို ရယူအသုံးပြုနိုင်သောကြောင့် မသမာမှုများမှ ကာကွယ်ပေးနိုင်ပြီး ချေးငွေဈေးကွက်ကို ပိုမို ဘေးကင်းလုံခြုံစေမည် ဖြစ်သည်။ ထို့အပြင် မြန်မာချေးငွေသတင်းအချက်အလက်ဌာနမှ ချေးငွေမှတ်တမ်း ရာဇဝင်နောက်ခံကို စစ်ဆေးပြီး အချက်အလက်များ စနစ်တကျ ပံ့ပိုးပေးထားသည့်အတွက် ငွေချေးသူများမှာလည်း ချေးငွေထုတ်ပေးနေသော အဖွဲ့အစည်းများထံက ပိုပြီး မြန်ဆန်သည့် ဝန်ဆောင်မှုများကို အပြိုင်အဆိုင် ပေးအပ်နိုင်ရန် ကြိုးပမ်းလာကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
“မြန်မာချေးငွေသတင်းအချက်အလက်ဌာန (Myanmar Credit Bureau Limited) ဖွဲ့စည်းတည်ထောင်လိုက်နိုင်တာကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ခရီးလမ်းမှာ အထင်ကရ မှတ်တိုင်တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့သမိုင်းမှာ ပထမဦးဆုံးအနေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကြားမှာ ချေးငွေဆိုင်ရာသတင်းအချက်အလက်တွေကို မျှဝေပြီး ချေးငွေယူချင်တဲ့ customer တွေကို ငွေချေးပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို သေသေချာချာ လေ့လာပြီး စီမံခန့်ခွဲနိုင်စေမှာ ဖြစ်ပါတယ်” ဟု MMCB ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်လင်းအောင် က ပြောသည်။
MMCB မှ တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေသတင်းအချက်အလက်အစီရင်ခံစာ ထုတ်ပေးနိုင်သည့်အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်း (သို့မဟုတ်) ကုမ္ပဏီတစ်ခု၏ ချေးငွေမှတ်တမ်းတွင် မသင်္ကာစရာ အပြုအမူတစ်ခုခုနှင့် ဆက်နွယ်နေနိုင်သည့် အပြောင်းအလဲများကို ပုံမှန် စစ်ဆေးပေးနိုင်သော ချေးငွေအချက်အလက် စောင့်ကြည့်ခြင်းကဲ့သို့ ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှုများကိုလည်း ပေးအပ်လျက် ရှိကြောင်းသိရသည်။
MMCB သည် မြန်မာနိုင်ငံဘဏ်များအသင်း၏ အဖွဲ့ဝင်ဘဏ်များဖြင့် တည်ထောင်ထားသော MB Investment Limited နှင့် Credit Bureau Asia Limited (CBA) မှ ပိုင်ဆိုင်သော လုပ်ငန်းခွဲတစ်ခုဖြစ်သည့် NSP Asia Investment Holding Pte Ltd တို့အတူ ပူးတွဲတည်ထောင်ထားသော လုပ်ငန်းတစ်ခု ဖြစ်သည်။ စင်ကာပူ အခြေစိုက် CBA အဖွဲ့အစည်းသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကပင် စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ချေးငွေသတင်းအချက်အလက်ဌာနများ စတင်တည်ထောင် လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ MMCB တွင် နိုင်ငံတကာအဆင့်မီ စံနှုန်းများဖြင့် လည်ပတ်ဆောင်ရွက်နိုင်ရန်၊ ကမ္ဘာ့အဆင့်မီ လုံခြုံရေး၊ နည်းပညာ စနစ်များ အသုံးပြုရာတွင် CBA ၏ ကျွမ်းကျင်မှုများကို အသုံးချထားကြောင်းသိရသည်။
“မြန်မာချေးငွေသတင်းအချက်အလက်ဌာန တည်ထောင်ဖို့အတွက် အာဆီယံနိုင်ငံတစ်လွှားမှာ ချေးငွေအချက်အလက် ဌာနပေါင်းများစွာကို စတင်တည်ထောင်ပြီး လည်ပတ်ဆောင်ရွက်နေတဲ့ NSP Asia ရဲ့ ကြီးမားကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကို အသုံးချခဲ့ပါတယ်။ ဒီထဲမှာ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေနဲ့ ကမ္ဘာ့အဆင့်မီ လုပ်ထုံးလုပ်နည်းတွေကို တပ်ဆင်အသုံးပြုပြီး မြန်မာနိုင်ငံက ငွေရေးကြေးရေး အဖွဲ့အစည်းတွေအတွက် တိကျမှန်ကန်တဲ့ ချေးငွေသတင်းအချက်အလက်တွေ ပေးအပ်နိုင်အောင် ဆောင်ရွက်ပေးနေတာလည်း အပါအဝင် ဖြစ်ပါတယ်။ အာရှဒေသမှာ ကျွန်တော်တို့ရထားတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ချေးငွေသတင်းအချက်အလက် ဌာနတွေကနေ ချေးငွေရလိုသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ ရယူနိုင်အောင် ဖန်တီးပေးပြီး၊ ချေးငွေလျှောက်လွှာတွေကိုလည်း မြန်ဆန်စွာ ဆောင်ရွက်နိုင်စေတဲ့အတွက် ပိုပြီး အဆင်ပြေလွယ်ကူသွားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်” ဟု NSP Asia Investment Holding Pte Ltd ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. William Lim က ပြောသည်။
၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် MMCB အား ချေးငွေသတင်းအချက်အလက် လုပ်ငန်းလုပ်ကိုင်ခွင့် ပေးအပ်ခဲ့သည်။
MMCB အကြောင်း၊ ၎င်း၏ ဝန်ဆောင်မှုနှင့် အဖွဲ့ဝင်များအကြောင်း အသေးစိတ် သိရှိလိုပါက https://creditbureau.com.mm/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MMCB ကို ဆက်သွယ်လိုပါက

ဖုန်း - ၀၉ ၆၆၇ ၀၀၀ ၀၈၀

(သို့မဟုတ်)

အီးမေးလ် - [email protected]

မှတစ်ဆင့် ဆက်သွယ်နိုင်မည်ဖြစ်သည်။

Banking & Loan Read 679 times