Mobile Pay /Mobile Wallet ဖြင့် ငွေပေးချေမှုများ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန်


10 June, 2022

Mobile Pay /Mobile Wallet ဖြင့် ငွေပေးချေမှုများ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန်

Mobile Pay /Mobile Wallet ဖြင့် ငွေပေးချေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၀-၆-၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်သည့် အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။



အသိပေးကြေညာချက်



၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀ နှင့် ၇၉ ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၅၊ ၁၂၉ နှင့် ၁၃၀၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်း၊ မိုဘိုင်းဘဏ်လုပ်ငန်း ဆိုင်ရာ ညွှန်ကြားချက်၊ အီလက်ထရောနစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာညွှန်ကြားချက်တို့နှင့်အညီ လုံခြုံမှုနှင့်ထိရောက်သော ငွေပေးချေမှုများအားဆောင်ရွက်နိုင်ရန်

 

  • မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ဘဏ် (၁၈) ဘဏ်
  • အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်(၁၀)ဘဏ်
  • မိုဘိုင်းငွေပေးချေမှု (Mobile Pay) ဆောင်ရွက်ရန် ဘဏ်(၈)ဘဏ်၊
  • မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်း (၅) ခု ၊
  • Transportation Card နှင့် Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း (၇) ခုနှင့်
  • ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ (၄) ခုကို

ခွင့်ပြုထားပြီး ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုထားသောဘဏ်ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် ကုမ္ပဏီများ၏စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ် သော www.cbm.gov.mm တွင် ဖော်ပြထားပါသည်။

၃။ ယခုအခါ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay /Mobile Wallet နှင့်ငွေပေးချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများမှတစ်ဆင့် သုံးစွဲသူများအချင်းချင်းငွေလွှဲပြောင်းခြင်း၊ ကုန်စည်ဝယ်ယူခြင်းများဆောင်ရွက်နိုင်ကြောင်း Social Media Platform များတွင်ကြေညာ နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုထားခြင်း မရှိသည့် Mobile Pay /Mobile Wallet နှင့်ငွေပေးချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအသုံးပြုခြင်း သည် စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်တွင်မရှိသဖြင့် ပြည်သူများအနေဖြင့် ဆုံးရှံးမှုများစွာ ဖြစ်ပေါ်နိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရရှိထားဘဲ ဆောင်ရွက် နေသည်ကိုတွေ့ရှိရပါက ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ် ဖြစ်စေငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

 

Banking & Loan Read 530 times