ပြည်တွင်းဘဏ်ချင်း Mobile Payment စနစ် ၂၀၂၀ တွင် အပြီးဆောင်ရွက်မည်


05 April, 2019

ပြည်တွင်းဘဏ်များ အချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်မည့် မိုဘိုင်းဖုန်းသုံး ငွေပေးချေမှုစနစ် (Mobile Payment) ကို ၂၀၂၀ မှာ အပြီးသတ်ဆောင်ရွက်မယ်လို့ ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။

အဆိုပါအစီအစဉ်ဟာ ဗဟိုဘဏ်က ဆောင်ရွက်တဲ့  တစ်နိုင်ငံလုံးအသုံးပြုမယ့် ငွေပေးချေမှုစနစ်ရဲ့  အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

‘‘ဘဏ်တွေကြားမှာ ဟိုဘက်ဒီဘက် သုံးစွဲသူတွေကြား ငွေလွှဲပြောင်းတာတွေ လုပ်ဆောင်နိုင်ဖို့ မိုဘိုင်းဖုန်းသုံး ငွေပေးချေမှု ဆောင်ရွက်နေတာလည်း ဗဟိုဘဏ်ထိန်းချုပ်မှုအောက်က သွားရမယ်။ ဒါလည်း ၂၀၂၀ မှာ အပြီးသတ်မယ်’’ လို့ ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။

အဆိုပါ ငွေပေးချေမှုစနစ်ကို ဂျပန်နိုင်ငံအကူအညီနဲ့ ဆောင်ရွက်ခြင်းဖြစ်ပြီး အပိုင်း (က) မှာ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်ချင်း ငွေလွှဲပြောင်းခြင်းတို့ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ပြည်တွင်းဘဏ်အချင်းချင်း ငွေလွှဲပြောင်းနိုင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ငွေပေးချေမှုအချို့ဟာ တရားဝင်မဟုတ်ပေမယ့်လည်း ဗဟိုဘဏ်က အရေးယူနိုင်ခြင်းမရှိသေးဘဲ တွေ့ဆုံဆွေးနွေးပြီး လမ်းကြောင်းမှန်ရောက်ရေးသာ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်က ငွေပေးချေမှုနဲ့ ပတ်သက်ပြီး ဘတ်စ်ကားစီးရန် သယ်ယူပို့ဆောင်ရေးကတ် ( ၅ ) ခု ၊ ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များကြား ဆောင်ရွက်တဲ့ MPU ကတ် ၊ Credit ကတ် ( ၅ ) ခု ၊ Union Pay, JCB, VISA, Master ကတ်များ ခွင့်ပြုထားပါတယ်။

ဒါ့အပြင် မိုဘိုင်းငွေပေးချေမှုအတွက် Wave Money, M-pitsan, Internet Wallet, Mytel စတာတွေကိုလည်း ခွင့်ပြုထားပါတယ်။ မိုဘိုင်းဘဏ်လုပ်ငန်းအတွက် ပြည်တွင်းဘဏ် ( ၁၀ ) ခုကိုလည်း ဗဟိုဘဏ်က ခွင့်ပြုထားပါသေးတယ်။

7Day Dailly

Local News Read 397 times