ခေတ်မီကြက်သားစက်ရုံ ပေါ်ပေါက်လာဖွယ်ရှိ


27 September, 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မီ ခေတ်မီနည်းစနစ်များဖြင့် ကြက်သားထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမည့်သူများက လာရောက်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

အသားသတ်စက်ရုံ

***********

 ''အသားသတ် စက်ရုံဆိုတာက နေရာတကာမှာလည်း လုပ်လို့မရဘူး။ လူနေရပ်ကွက်နဲ့ နီးလို့မရဘူး ၊ ပြီးရင်လည်း စက်ရုံအတွက် ရေရရှိမှု ရေဆိုးပြန်လည်စီးဆင်းနိုင်မှု ချောင်းတွေမြောင်းတွေနဲ့ နီးလား၊ ပြီးရင် ဒီချောင်းတွေထဲကို ရေဆိုးပြန်လည်စွန့်ပစ်ဖို့ ပြန်လည်သန့်စင်တဲ့ နည်းစနစ်တွေ တည်ဆောက်ဖို့ အဆင်ပြေလား၊ အဲဒါတွေလည်း လုပ်နိုင်ဖို့ လေ့လာနေတာဖြစ်တယ်''ဟု ၎င်းက ပြောသည်။

အသားထုတ်လုပ်ခွင့်ပြု

**************

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် လှိုင်သာယာ၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်တို့တွင် ကြက်ဘဲရောင်းဝယ်ရေး ဈေးများဖွင့်လှစ်ထားပြီး တစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးနှင့်ညီညွတ်ကြောင်း ထောက်ခံချက်ဖြင့် တင်ပို့လာသည့် ကြက်အရှင်များကို ရောင်းချခွင့်ပြုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကြက်အရှင်များကို မြို့နယ်အတွင်းပတ်ဝန်းကျင် ကန့်ကွက်မှုမရှိသည့်နေရာများတွင် အသားထုတ်လုပ်ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောသည်။

''အခုဆိုရင်ကြက်တွေကို ရေနွေးပူထဲနှစ်ချပြီးသတ်တဲ့ စနစ်တွေကြောင့် တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်ရာလည်း ရောက်နေပါတယ်။ ပြီးတော့ အသားတွေလည်း ရေရှည်မခံအတွက် ရောဂါပိုးတွေလည်း ဖြစ်စေပါတယ်၊ ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့အတွက် ကြက်သားတွေစနစ်တကျထုတ်လုပ်နိုင်ရေးအတွက် ကြက်သားထုတ်တဲ့ စက်ရုံတွေလိုအပ်နေပါတယ်''ဟု တိုင်းဒေကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက အဆိုပါ လွှတ်တော်အတွင်းပြောကြားခဲ့သည်။

ကြက်သားစားသုံးမှုနှုန်း

**************

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေခြောက်သန်းခန့် ပမာဏပျှမ်းမျှတွက်ချက်မှုအရ နေ့စဉ်ကြက်ကောင်ရေ ခြောက်သောင်းခန့် ပိသာချိန်ခုနှစ်သောင်း ခန့်ဈေးကွက်အတွင်း ရောင်းချစားသုံးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

 

Food Industry Local News Read 1017 times