မိုးယွန်းကြီး ဘေးမဲ့တော ( resort) သို့ရန်ကုန်မြို့မှ လာရောက်မည့် ဧည့်သည်များကို ရိုးရိုးကျန်းမာရေး ထောက်ခံချက်များဖြင့် နေ့ချင်းပြန် လာလည်ခွင့်ပြုထားကြောင်း အဆိုပါResort မှ တာဝန်ရှိသူများ၏ ပြောကြား ချက်အရ သိရသည်။
အဆိုပါ မိုးယွန်းကြီးအင်းသည် ပဲခူးတိုင်းပဲခူးခရိုင်ပျဉ်ပုံကြီးရွာတွင်ရှိပြီး ရန်ကုန်နှင့် မိုင်(၇၀) ခန့်သာ ဝေးသည့်အတွက် နေ့ချင်းပြန်သွားလည်နိုင်ပြီး Covid ပထမလှိုင်းနှင့်ဒုတိယလှိုင်း ကာလများတွင် ဘေးမဲ့တော အတွင်း ဖန်တီးထားသော Resort ကို လူဝင်ခွင့်ပိတ်ထားပြီး လတ်တလောတွင် ယာယီသဘောဖြင့် နေ့ချင်းပြန် လက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
သို့ရာတွင် Covid အခြေအနေအရ ရပ်ရွာအုပ်ချုပ်ရေး၏ Policy မှာ အချိန်မရွေး ပြောင်းလဲနိုင်သည့်အတွက် ကြိုတင်စုံစမ်းမှုများ ပြုလုပ်ရန်လိုကြောင်း အဆိုပါ resort တာဝန်ရှိသူ က ပြောသည်။
'' လာမယ်ဆို တစ်ရက်ကြိုပြောဖို့တော့ လိုတာပေါ့။ ရန်ကုန်က ညအိပ်လာမယ်ဆိုရင်တော့ လတ်တလော မှာ စိစစ်ပြီး လက်ခံတယ်။ အကုန်လက်မခံဘူး။ ညအိပ်ဆိုရင်တော့ Swab Test ပါမှ အစ်မ တို့ လက်ခံလို့ရပါ တယ် '' ဟု မိုးယွန်းကြီး Resort မှ တာဝန်ရှိသူက ပြောသည်။ မိုးယွန်းကြီးအင်းတွင် ငှက်မျိုးစိတ်ပေါင်း ၁၂၅ မျိုးခန့် ကျက်စားပြီး နှစ်စဉ်နှစ်တိုင်း ဆောင်းခိုငှက်များ လာရောက်ကျက်စားကြကာ ငှက်မျိုးစိတ်အများဆုံးလာသည့် အချိန်မှာ နိုဝင်ဘာလကနေ ဧပြီလအတွင်း ဖြစ်ကြောင်း၊ သို့ရာတွင် Covid အခြေအနေကြောင့် ဧည့်ဝင်နှုန်းမှာ မရှိသလောက်ဖြစ်နေပြီး ငှက်မျိုးစိတ်ကြည့်ရှုသူလည်း နည်းပါးကြောင်း သိရသည်။
မိုးယွန်းကြီးအင်းသည် နှစ် ( ၁၀ဝ )ကျော်သက်တမ်းရှိ ရေတိမ်အင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ရေတိမ်အင်းဖြစ်ကာ စတုရန်းမိုင် ၄၀ ကျယ်ဝန်းကြောင်း၊ ၂၀ဝ၃ ခုနှစ်မှစ၍ သဘာဝဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။