၂၀၁၈-၁၉ ငါးလုပ်ငန်းရာသီ ငါးဖမ်းခွင့် ပိုက်ချက်များ ပထမအကြိမ် ရောင်းချရာတွင် ကျပ်သိန်းခုနစ်ထောင်ကျော်


06 July, 2018

မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ငါးလုပ်ငန်းရာသီ ငါးဖမ်းခွင့် အထူးတင်ဒါ ပိုက်ချက်များကို ပထမအကြိမ် လေလံရောင်းချရာတွင် ပိုက်ချက် ၇၈ ချက် ရောင်းချနိုင်ခဲ့ကြောင်း မွန် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဝေက ပြောကြားခဲ့ပါသည်။

ပြည်နယ်ရှိ ပေါင်၊ မော် လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော နှင့် မုဒုံမြို့နယ်ရှိ မြစ်ချောင်းများအတွင်း ငါးဖမ်းခွင့်ပိုက်ချက်၁၁၈ ချက်ကို ဇူလိုင် ၄ ရက်က ပထမအကြိမ် လေလံပေးခဲ့သည်။

‘‘နှစ်စဉ် လေလံအဖွင့်ဈေးက ၁၀ ရာခိုင်နှုန်းတိုးတော့ ဒီနှစ်မှာ လျာထားချက်ထက် ပိုရရှိတယ်။ ကျန်ရှိတဲ့ ပိုက်ချက်တွေကို ဒုတိယအကြိမ်၊ တတိယအကြိမ် မကုန်မချင်း ရောင်းချသွားမယ်’’ ဟု ၎င်းကပြောသည်။

ယခုနှစ် လျာထားချက်သည်ကျပ်သိန်းလေးထောင်ကျော်ရှိပြီး ပထမအကြိမ် လေလံတင်ရောင်း ချငွေ ကျပ်သိန်းခုနစ်ထောင်ကျော် ရရှိကြောင်း ဒေါ်လှလှဝေက ဆိုသည်။

‘‘မနှစ်က ကြမ်းခင်းဈေး ထက် ၁၀ ရာခိုင်နှုန်းတိုးပြီး သတ်မှတ်တော့ မနှစ်ကထက် ကြမ်းခင်းဈေးများတယ်။ ပိုက် ချက်တွေကို ငါးမိတဲ့နေရာ၊ မမိတဲ့ နေရာတွေကို ကြည့်ပြီး ငါးလုပ်ငန်းရှင်တွေက အပြိုင်ပေးဝယ်တယ်။ ငါးတွေက သိပ်မရှိ တော့ဘူး။ ဒါပေမဲ့ ငါးဈေးက ကောင်းတော့ လေလံပေးတဲ့သူ တွေက အပြိုင်အဆိုင်တွေပဲ’’ဟု မော်လမြိုင်မြို့မှ ပိုက်ချက် လေလံဝယ်ယူသူ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လာမည့်ဘဏ္ဍာနှစ်အတွက် ပေါင်မြို့နယ်တွင် ပိုက်ချက် ငါးခု၊ မော်လမြိုင်မြို့နယ်တွင် ၄၀၊ မုဒုံမြို့နယ်တွင် ခြောက်ခု၊ ကျိုက်မရောမြို့နယ်တွင် ၁၈ ခု၊ ချောင်းဆုံမြို့နယ်တွင် ငါးခု စသည်ဖြင့် အသီးသီး လေလံပေး ရောင်းချနိုင်ခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန စာရင်း အရ သိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်က အဆိုပါပိုက်ချက်များကို လေလံ ရောင်းချရာတွင် စတုတ္ထအကြိမ် ရောင်းချပြီး ကျပ်သိန်း ၆,၉၆၃ အထိ ရရှိခဲ့သည်။

7 Day Daily

Local News Read 648 times