We Chat Pay နဲ့ ငွေပေးချေခြင်းကို ဗဟိုဘဏ်က ပထမဆုံးစမ်းသပ်ခွင့်ပြု


29 March, 2019

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကုန်ပစ္စည်း အရောင်းဆိုင်အချို့တွင် တရုတ်လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ We Chat Pay နဲ့ ငွေပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စတင် စမ်းသပ်ခွင့်ပြုထားပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စာရင်းအင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်မြင့်ကြည်က “ We Chat ကို အသုံးပြုခွင့်ပေးထားတယ်ဆိုတာက သတ်မှတ်ထားတဲ့ ဧရိယာမှာ သတ်မှက်ထားတဲ့ ကာလမှာပဲရှိပါသေးတယ်။ အခုက စမ်းသပ်ကာလပါ။ ဒါက အပြီးတိုင်ခွင့်ပြုထားတာ မဟုတ်သေးပါဘူး ” လို့ပြောပါတယ်။

ဒါ့ပြင် Pyapb ကုမ္ပဏီအနေနဲ့ We Chat Pay ဖြင့် စတင်လုပ်ပိုင်ခွင့်ပြုတဲ့နေ့ကစပြီး နေ့စဉ် ဝန်ဆောင်မှုလုပ်ငန်းများကို ဗဟိုဘဏ်ဆီ တင်ပြပေးဖို့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ We Chat Pay ဖြင့် ငွေပေးချေခြင်းဝန်ဆောင်မှုလုပ်ငန်းတွေကို ကနဦး စမ်းသပ်ကာလအဖြစ် (၃) လသတ်မှက်ကာ Pyapb ကုမ္ပဏီကို လုပ်ပိုင်ခွင့်လိုင်စင်  စတင်ခွင့်ပြုထားတာဖြစ်ပါတယ်။

ဒါ့အပြင်  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင် (၁၄) ခုမှာလည်း စတင်အသုံးပြုခွင့်ပေးထားပါတယ်။

Paypb ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစည်သူဖြိုးက “ တရုတ်ခရီးသွားတွေကို ဗီဇာ Free ပေးလိုက်တယ်လေ။ နောက်ပြီး တရုတ်တွေက မိုဘိုင်းကတစ်ဆင့် ငွေပေးချေတာတွေကို ပိုသုံးတယ်။ ဒါ့ကြောင့် We Chat Pay ပေးကို ရွေးချယ်လိုက်တာပါ။ ပြီးရင်တော့ မြန်မာပြည်အတွက် တိုးရစ်တွေကတစ်ဆင့် ဝင်ငွေတွေ ပိုရလာနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ ဆိုင်အချို့မှာသာ ခွင့်ပြုပေးထားတာဖြစ်ပြီး သက်မှတ်ထားတဲ့ စမ်းသပ်ကာလပြီးပါက  နိုင်ငံခြားသားခရီးသွားများ လာရောက်တဲ့နေရာတွေကို တိုးချဲ့ခွင့်ပြုသွားမှာဖြစ်ပါတယ်။

BE NEWS

Banking & Loan Read 579 times