မုံရွာစက်မှုဇုန် ရေဆိုးသန့်စင်စက်ရုံကို ဒိန်းမတ်နိုင်ငံမှ ကူညီထောက်ပံ့မယ်


22 March, 2019

ဒိန်းမတ်နိုင်ငံအစိုးရရဲ့ ထောက်ပံ့ရေးအဖွဲ့ RBF မှ အတိုးမဲ့ချေးငွေ ကျပ်သိန်း ၇,၅၀၀ နဲ့ မုံရွာစက်မှုဇုန်လုပ်ငန်းရှင်တွေရဲ့ ထည့်ဝင်ငွေ ကျပ်သိန်း ၇,၅၀၀ အသုံးပြုကာ မုံရွာစက်မှုဇုန် ရေဆိုးသန့်စင်စက်ရုံကို မုံရွာမြို့ ဆားကျင်းအင်းမှာ အခုနှစ် မတ်လဆန်းက စတင်တည်ဆောက်နေပါတယ်။

ဒီရေဆိုးသန့်စင်စက်ရုံကို မုံရွာမြို့စက်မှုဇုန်ရှိ ကြာဆံစက်ရုံ၊ သားရေစက်ရုံနဲ့ စက္ကူစက်ရုံတွေမှ စွန့်ပစ်တဲ့ရေဆိုးတွေကို သန့်စင်ပေးမယ့်ရည်ရွယ်ချက်နဲ့ တည်ဆောက်တာဖြစ်ပါတယ်။

စက်ရုံကို အခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားတည်ဆောက်ဖို့ ညွှန်ကြားထားပြီး စက်ရုံပြီးစီးသွားရင် မုံရွာစက်မှုဇုန်ရှိ စုစုပေါင်း စက်ရုံ ၁၅ ရုံကနေ စွန့်ပစ်တဲ့ ရေဆိုးတွေကို ပိုက်လိုင်းနဲ့ သွယ်တန်းသန့်စင်ပြီးမှသာ ဆားကျင်းအင်းအတွင်း စွန့်ပစ်မှာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းတော့ စက်ရုံသံကန်ကြီးတည်ဆောက်ဖို့ ပိုင်ရိုက်နေပါတယ်။ ကွန်ကရစ်အဝိုင်းကြီးပေါ်မှာ သံကန်တင်မှာဖြစ်ပါတယ်။ ရေစစ်ကန်မျိုးစုံကိုလည်းဆောက်နေပြီး အရင်တုန်းက ရေဆိုးတွေကို ပရမ်းပတာ ပစ်ခဲ့ရာမှ ဒီစက်ရုံပြီးသွားရင် စနစ်တကျသန့်စင်ပြီးတော့မှ အင်းထဲကို လွှတ်မှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဌာနအနေနဲ့လည်း ရေဆိုးထုတ်မယ့် ကန်တည်ဆောက်ဖို့ ဆားကျင်းအင်းထဲမှာ ကန်တွေတည်ဆောက်နေပြီဖြစ်ပါတယ်။ ကြာဆံစက်တွေကထွက်တဲ့ ရေတွေကို သန့်စင်ပြီးတော့မှ ဆားကျင်းအင်းထဲကနေတစ်ဆင့် ချင်းတွင်းမြစ်ထဲထည့်မှာဖြစ်ပါတယ်။

RBF အနေနဲ့ ရေဆိုးကနေထွက်လာတဲ့ ဂက်စ်တွေကနေ ဘိုင်အိုဂက်စ်ဂျန်နရေတာတစ်လုံး တပ်ပြီးတော့ လျှပ်စစ်ထုတ်လုပ်မယ့်လုပ်ငန်းတစ်ခုအတွက် သိန်း ၁,၇၀၀ သီးခြားထောက်ပံ့ထားပါတယ်။

ဒါ့အပြင် မိုးကြိုးလွှဲအပါအဝင် လျှပ်စစ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုကိုလည်း သိန်း ၄၀၀ သီးခြားထောက်ပံ့ထားပါတယ်။ RBF မှ မုံရွာစက်မှုဇုန် ရေဆိုးသန့်စင်စက်ရုံအတွက် စုစုပေါင်း သိန်း ၉,၆၀၀၀ ထောက်ပံ့ထားပါတယ်။

7day daily

Local News Read 405 times