ဂျပန်နိုင်ငံ၏ ချေးငွေများဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မြှင့်တင်မည်


19 February, 2018

ဂျပန်နိုင်ငံ၏ ချေးငွေများဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မြှင့်တင်မည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အဆင့်မြှင့်တင်ရေးစီမံချက်နှင့် ထားဝယ်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးစီမံချက်အတွက် ဂျပန်နိုင်ငံမှ ယန်း ၅၁၆၅ သန်းချေးယူရန် ဂျပန်နိုင်ငံအစိုးရမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) နှစ်ခု လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရပါသည်။

လက်မှတ်ရေးထိုးလဲလှယ်ပွဲ အခမ်းအနားကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အဆင့်မြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ရန်အတွက် ဂျပန်ယန်း သန်း ၂၅၀၀ နှင့် ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီး အဆင့်မြင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ရန်အတွက် ဂျပန်ယန်း ၂၆၆၅ သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး နှင့် ဂျပန်အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါစာချွန်လွှာများကို လက်မှတ်ရေးထိုးလဲလှယ်ခြင်းဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် တိုးတက်စေမည်ဖြစ်ပြီး စာချွန်လွှာများအရ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီးအဆင့်မြှင့်တင်ရေးစီမံချက်အရ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီးကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်သဖြင့် ယင်းဒေသရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းများအတွက် များစွာအထောက်အကူရရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးပေးနေသည့် နိုင်ငံဖြစ်ပြီး လက်ရှိအချိန်တွင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ငွေချေးပေးနိုင်ရန်အတွက် ဂျပန်ယန်းငွေ ၁၅ ဘီလျံခန့်ကိုလည်း ချေးယူရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်များအရ သိရပါသည်။

Local News Banking & Loan Read 1453 times