၂၀၀၀ ခုနှစ်မှစ၍ လမ်းမီးများ ရှိသော်လည်း လုံခြုံရေးမကောင်း၍ မီးကြိုး မီးသီးများ ခိုးခံရပြီး လျှပ်စစ်မီး မပေးနိုင်ခဲ့ရာက ယခု သီတင်းပတ်မှ စ၍ လမ်းအပိုင်းတစ်ခုစီအလိုက် စက်မှုဇုန် တစ်ဇုန်လုံးအား LED မီးတိုင် ၁၂၀၀ ကျော် အသုံးပြုထားပြီး အသုံးစရိတ် သိန်း ၁၂၀၀ ကျော် အသုံးပြု၍ YESC နှင့် ရွှေလင်ဗန်း စက်မှုဇုန် ကော်မတီတို့မှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည်။
ယခင်က ညတိုင်း လမ်းမီးများမရှိ၍ ယာဉ်တိုက်မှု၊ လူသေဆုံးမှု၊ ဒုစရိုက်မှုများ အတွက် လုံခြုံရေး အခက်အခဲများရှိခဲ့ပြီး ယခုအခါ အတော် ကောင်းမွန် လုံခြုံလာပြီဟု သိရသည်။ လျှပ်စစ် ဓာတ်အား ရရှိမှုအတွက် 80MW အထိ ရရှိနေပြီး - 100 MW အထိရရှိအောင် ကြိုးစားနေသည်ဟု သိရသည်။
ပေ ၁၁၀၀၀ ကျော် ကနောင်မင်းသားကြီးလမ်းအား အစိုးရမှ သိန်း ၆၅၀၀ ကျော်၊ ဇုန် လုပ်ငန်းရှင်များမှ သိန်း ၅၀၀၀ ကျော်၊ စုစုပေါင်း သိန်း ၁၁၀၀၀ ကျော်အသုံးပြု၍ ၄၄' အကျယ် ၁၂" ထု ကွန်ကရစ်လမ်းခင်းပြီးပြီဖြစ်သည်။ ၎င်း ပင်မလမ်မးမကြီး ဖြစ်သော ကနောင်မင်းသားကြီးလမ်းအပါအဝင် ရန်ပုံငွေထည့်ဝင်ပေးကြသော အခြားလမ်း အတော်များများအား ကွန်ကရစ်လမ်းခင်းခြင်းများအား ၂၀၁၉-၂၀၂၀ နှစ်အတွင်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အစိုးရမှ ကျူးကျော်ပြသနာများအား မရှင်းပေးနိုင်သေးပါ၍ ရေမြောင်းစနစ်များ၊ အမှိုက်စနစ်များအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ကျန်ရှိနေပါသေးသည်။ ၂၀၂၀ ခုနှစ်တွင် အတည်ပြုခဲ့သည့် စက်မှုဇုန် ဥပဒေ ထိရောက်စွာ အကောင်အထည်ဖော်နိုင်သည့်အချိန်တွင် စက်မှုဇုန် ဖွံဖြိုးတိုးတက်မှု ပိုမိုပီပြင်လာမည် ဖြစ်သည်။