ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် သွင်းကုန်အစားထိုး ပို့ကုန်အားပေးသည့်ကုန်ထုတ်လုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများကို အာမခံအပေါင်ပစ္စည်းမလိုဘဲ လုပ်ငန်းလည်ပတ်ငွေပေါ်တွင်သာအခြေခံသည့် (SMID - Cash Flow Based Loan) ချေးငွေကို ဦးစားပေး ထုတ်ချေးမည်ဖြစ်ကြောင်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID Bank) ထံမှ သိရသည်။
ယင်းချေးငွေကို စံသတ်မှတ်ချက်များနှင့်ကိုက်ညီပါက အများဆုံး ကျပ်သိန်း ၃၀၀ မှ ၅၀၀ အထိကို ချေးငွေသက်တမ်းတစ်နှစ်ဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး ယခင်က တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့်သာ ယခင်က ထုတ်ချေးပေးခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစကာ ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ ၁၆ ရာခိုင်နှုန်းအထိ အတိုးနှုန်း တိုးမြှင့်မည်ဖြစ်ကြောင်း SMID Bank အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။
“စချေးကတည်းက တစ်ယောက်မှ မပျက်ကွက်သေးဘူး။ အထည်ချုပ်နဲ့ ပို့ကုန်လုပ်ငန်းတွေကို ဦးစားပေး ချေးချင်တာက တိုင်းပြည်နိုင်ငံခြားငွေ ရရှိဖို့ပါ။ အထူးသဖြင့် ထုတ်လုပ်မှုကဏ္ဍဖြစ်တဲ့ ပို့ကုန်လုပ်ငန်းတွေကို ဦးစားပေးချင်တာ”ဟု၎င်းကပြောဆိုသည်SMID-CFB ချေးငွေကို ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့ကစကာ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးပေးနေခြင်းဖြစ်ပြီး မေလ ၈ ရက်နေ့မှစကာ လက်ရှိအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိ လုပ်ငန်းရှင် ၁၅၀ ဦးကို ကျပ်ငွေ ၅ ဒသမ ၇ ဘီလီယံခန့် ထုတ်ချေးပေးထားကြောင်း ယင်းဘဏ်ထံမှ သိရသည်။
အဆိုပါချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းစသည့် လုပ်ငန်းသုံးခုကိုသာ ထုတ်ချေးပေးခြင်းဖြစ်ပြီးချေးငွေကိုတစ်လုံးတည်း ထုတ်ပေးခြင်းမဟုတ်ဘဲ ကနဦး ၃၅ ရာခိုင်နှုန်း အရစ်ကျစနစ်ဖြင့်ခွဲ၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။“လုပ်ငန်းလုပ်ဖို့အတွက် ချေးမယ်ဆိုရင်တော့ ၁၆ ရာခိုင်နှုန်းက များတယ်။ လုပ်ငန်းစဉ်ကလည်း ကြာဦးမှာ။ ချေးငွေကအတိုးနှုန်းနည်းမှ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်မှာ” ဟု မြန်မာနိုင်ငံ ကော်ဖီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောကြားသည်။
TheVoice