စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေမျှောတွေကို တိုင်းအစိုးရ အဖွဲ့ရဲ့ စီမံချက်နဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေရှိပြီးပိုင်ရှင်မဲ့ စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တရားမဝင်ရွှေမျှောတွေ ၈၀၀ နီးပါးလောက်ရှိပြီး သွားရောက်ဖမ်းဆီးတဲ့အခါမှာ တွေ့တဲ့စက်ပစ္စည်းကို သယ်ယူ ဖို့ အခက်အခဲတွေကြောင့် နေရာမှာပဲ မီးရှို့ဖျက်ဆီးဖို့ စီမံချက်ချတာ ဖြစ်တယ်လို့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင် က ပြောပါတယ်။
"တရားမဝင် မျှောတွေက ပိုပြီးတော့ ဆိုးလာတာ၊ မြို့နယ်အနေနဲ့လည်း ဖမ်းလို့က မနိုင်တော့ဘူး၊ အတတ်နိုင် ဆုံးတော့ တားဆီးတယ်၊ ဒါပေမဲ့ မရဘူး၊ သွားဖမ်းတဲ့အခါကျလည်း စက်ပစ္စည်းတွေ စက်တွေကို သယ်ယူစရိတ် က အစိုးရလည်း ဘာမှမထောက်ပံ့ဘူး၊ သွားဖမ်းတဲ့သူပဲ တာဝန်ခံရတာပေါ့လေ ကုန်ကျစရိတ်တွေကို၊ အဲလိုကျတော့ ဖမ်းဆီးရေးမှာ တအား အခက်အခဲဖြစ်တယ်၊ နောက်ဆုံးကျတော့ ပိုင်ရှင်မဲ့ဖြစ်လို့ရှိရင် နေရာမှာပဲ ဖျက်ဆီးကြဖို့ မီးရှို့ဖို့၊ အဲလိုစီမံချက်နဲ့ စပြီးတော့ လုပ်တာ ဖြစ်တယ်"
အဲဒီစီမံချက်ကို သြဂုတ်လ ၁၂ ရက်နေ့က စတင်တာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်ကာ မြို့နယ် နဲ့ ခရိုင် တာဝန်ရှိသူတွေက ပူးပေါင်းပါဝင်ပြီး စစ်ဆေးအရေးယူတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
သွားဖမ်းတဲ့အခါမှာ ပိုင်ရှင်မဲ့ စက်ပစ္စည်းတွေကို ဖြုတ်သယ်ရတာတွေကြောင့် အချိန်ကုန် လူပင်ပန်းဖြစ်သလို အဲဒီစက်တွေကို သယ်ဖို့ ကားငှားခတွေကလည်း တစ်ခါတစ်ခါဆို ၁၀ သိန်း ကနေ ၁၅ သိန်းလောက် ကုန်ပြီး အဲဒီစရိတ်တွေကို သွားဖမ်းသူတွေကပဲ ပေးရတာကြောင့် အခုလို စီမံချက်ချတာ ဖြစ်တယ်လို့ ဦးကျော်ဌေးလွင် က ပြောပါတယ်။
တရားမဝင် ရွှေတူးဖော်ရေးလုပ်ကွက်တွေကို အရေးယူနိုင်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးတစ်ချို့ ပါဝင်တဲ့အဖွဲ့ကို ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖွဲ့စည်းထားပါတယ်။
အဲဒီအဖွဲ့ဟာ ဟုမ္မလင်း၊ ခန္တီး၊ ကသာ၊ မော်လိုက်၊ ကန့်ဘလူ နဲ့ ကျွန်းလှ စတဲ့မြို့နယ်တွေက ရွှေတူးဖော်ရေး လုပ်ကွက်တွေကို မြို့နယ်အလိုက် ဝန်ကြီးတစ်ဦးစီက တာဝန်ယူကာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်ကိုတော့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွှေးမွှေးခင် က တာဝန်ယူထားတာလို့ သိရပါတယ်။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဝန်ကြီး နန်းမွှေးမွှေးခင် ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
စစ်ကိုင်းတိုင်းအတွင်းမှာ ဟုမ္မလင်းနဲ့ ခန္တီးနယ်ဘက်မှာ တရားမဝင် ရွှေမျှောတွေ အများဆုံးရှိနေပြီး ဟုမ္မလင်းမြို့နယ်မှာ တရားမဝင်ရွှေမျှောပေါင်း ၈၀၀ နီးပါးရှိနေတာလည်း ဖြစ်ပါတယ်။
Source: RFA