ယမန်နေ့က စတင်ပြုလုပ်တဲ့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တိုင်းအစိုးရက စီမံကိန်းတစ်ခု အပါအဝင် ပုဂ္ဂလိကလုပ်ငန်းစီမံကိန်း ၁၉ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒုတိယအကြိမ်မြောက် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ မေလ ( ၁၀ ) ရက်မှ ( ၁၁ ) ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပနေခြင်းဖြစ်ပါတယ်။
အဆိုပါဖိုရမ်တွင် ရန်ကုန်တိုင်းအစိုးရနှင့် ဟောင်ကောင်၊ တိုင်ပေအပါအဝင် ကုမ္ပဏီသုံးခုက ကန်ဒေါ်လာသန်း ၅၀၀ တန် ရန်ကုန် - ထန်းတပင်နည်းပညာ ဥယျာဉ်စီမံကိန်းကို နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းအပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများက နားလည်မှုစာချွန်လွှာနဲ့ သဘောတူညီမှု စာချွန်လွှာစုစုပေါင်း ၁၉ ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘‘ဒီကနေ့ လက်မှတ်ရေးထိုးတာက ပုဂ္ဂလိကနယ်ပယ်အသီးသီးက လက်မှတ်ရေးထိုးတာဖြစ်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း လက်မှတ်ရေးထိုးရမယ့်ကိစ္စတွေကို လက်မှတ်ထိုးကြတာပါ’’ လို့ ပြောပါတယ်။
ပုဂ္ဂလိက ကုမ္ပဏီအချင်းချင်း လက်မှတ်ရေးထိုးမှုတွင် လှည်းကူးမြို့နယ်ရှိ မြေဧက ၇၀၀ ခန့်၌ ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မလစ်ကျေးရွာရှိ မြေဧက ၅၅၀ ခန့်တွင် New City Light စက်မှုဥယျာဉ်တို့ကို New City Development ကုမ္ပဏီနှင့် တရုတ် Bauing International Construction Investment ကုမ္ပဏီတို့က နားလည်မှုစာချွန်လွှာ (MoU ) ရေးထိုးခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ကုမ္ပဏီက Yangon City Renewal စီမံကိန်းနှင့် Yangon Construction Material ကုန်သွယ်မှုစင်တာကိုလည်း ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းဟိုတယ် ကုမ္ပဏီနှင့် ပြည်တွင်းမှ KMA ကုမ္ပဏီအုပ်စုတို့က ဟိုတယ်လုပ်ငန်းငါးခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဟံသာဝတီစက်မှု ဥယျာဉ်စီမံကိန်းအတွက် ဟံသာဝတီဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနှင့် South Asia Future Investment ကုမ္ပဏီအုပ်စုတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
မော်တော်ကား တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၊ Precast Concrete ထုတ်လုပ်ရေးစက်ရုံတို့အတွက်လည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယက Mohan Mutha ပို့ကုန်ကုမ္ပဏီနှင့် ပြည်တွင်း KMA ကုမ္ပဏီတို့ စီမံကိန်းသုံးခုအတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထိုစီမံကိန်းတွင် ဧရာဝတီတိုင်းအတွက် စက်မှုဥယျာဉ်စီမံ ကိန်းသုံးခုကိုလည်း ပုဂ္ဂလိကုမ္ပဏီများကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ တွင် ပထမအကြိမ်ကျင်းပထားပါတယ်။
7Day Daily