မြန်မာ-တရုတ် တရားဝင် နယ်စပ်ကုန်သွယ်ရေး အကောင်အထည်ဖော်ရန် မကြာမီ MoU ရေးထိုးမည်


01 April, 2019

အစိုးရချင်းသဘောတူညီမှုဖြင့်  မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တရားဝင်ကုန်သွယ်ရေး အကောင်အထည်ဖော်ရန် မကြာမီ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းဖူးစေ့အပါအဝင် လယ်ယာထွက်ကုန်များ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်ထွက်ပစ္စည်းများ အပါအဝင် မြန်မာပြည်မှ ပို့ကုန်များ တရားဝင်ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပြီး တရားဝင်လက်မှတ်ရေးထိုးမည်ဖြစ်သည်။ ထို့အပြင် ကုန်ပစ္စည်းများဝယ်ယူမည့် တန်ချိန်အရေအတွက်၊ ဈေးနှုန်းကိုလည်း ပုဂ္ဂလိကကုန်သည်အချင်းချင်း ညှိနှိုင်းပြီး စာချုပ်ချုပ်ဆိုရောင်းချမည်ဟု ၎င်းကဆိုသည်။

လက်ရှိ ယူနန်ပြည်နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးစီမံချက်ကို အကောင်အထည်ဖော်နေခြင်းကြောင့်  မြန်မာနိုင်ငံမှပို့ကုန်များ မူဆယ်တွင်ပိတ်မိနေသည်။ ထို့ကြောင့် အစိုးရချင်း သဘောတူညီမှုဖြင့် တရားဝင်ကုန်သွယ်ရေးက ထွက်ပေါက်တစ်ခုဖြစ်လာမည်ဟု မူဆယ်မြို့နယ်ရှိ ကုန်သည်အချို့ကပြောသည်။

စီးပွားကူးသန်းဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ စီးပွားရေးသံမှူးနှင့် ညှိနှိုင်းခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ စာပေးပို့ခြင်းတို့ ဆောင်ရွက်ခဲ့သည်ဟု ဦးခင်မောင်လွင်က ပြောသည်။

ထို့အပြင် ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ အမြဲတမ်းဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  မတ်လ ၂၈ ရက် နေပြည်တော်ရှိ စီးပွားကူးသန်းရုံးသို့ လာရောက်စဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နယ်စပ်ကုန်သွယ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု ၎င်းကပြောသည်။

‘‘ဝန်ကြီးဌာနအနေနဲ့တော့ နယ်စပ်အမြန် ပြန်ပွင့်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့လုပ်နေပါတယ်’’ ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

ဆန်၊ ပြောင်းဖူးစေ့၊ ကျွဲ၊ နွားများ မူဆယ်နယ်စပ်တွင် ပိတ်မိနေသည့်အခြေအနေကို ပြောပြပြီး နှစ်နိုင်ငံကုန်သွယ်ရေး  ချောမွေ့ရေးကိုလည်း ဆွေးနွေးသည်ဟုဆိုသည်။ ယူနန်ပြည်နယ်ဘက်မှ ဖြေလျှော့ပေးနိုင်မည့် အခြေအနေများကိုလည်း အထက်ပါတွေ့ဆုံပွဲတွင် ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံဘက်မှ ပို့ကုန်များကို အစိုးရက တရားဝင်လိုင်စင်ဖြင့် တင်ပို့သော်လည်း ယူနန်အစိုးရက တရားဝင်တင်သွင်းခွင့် မပြုခြင်းကြောင့် တရားမဝင်သွင်းနေရသည်။ ထို့ကြောင့်  မြန်မာနိုင်ငံမှ ပို့ကုန်များ မကြာခဏ ဖမ်းဆီးခံရသည့်အပြင် လုံခြုံရေးတင်းကျပ်ချိန်တွင် နယ်စပ်၌ ပို့ကုန်များ ပိတ်မိနေလေ့ရှိသည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ် ငါးလခွဲအတွင်း မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ ကန်ဒေါ်လာသန်း ၆၅၀ ကျော် လျော့နည်းသည်။ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ပို့ကုန်ပမာဏ လေးဘီလီယံကျော်တွင် ယခုဘဏ္ဍာနှစ် ပို့ကုန်ပမာဏလျော့ကျမှုက ၁၅ ရာခိုင်နှုန်းခန့် ရှိနေသည်။

ပို့ကုန်ပမာဏတိုးမြှင့်လိုသော မြန်မာနိုင်ငံအတွက် မူဆယ်နယ်စပ်ပိတ်မိနေခြင်းက အစိုးရအတွက် အမြန်ဆုံးဖြေရှင်းရမည့် အခြေအနေတစ်ရပ်ဖြစ်နေသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

7Day Daily

Export, Import Read 1945 times