ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုုပ်နှံမှုများကိုဖိတ်ခေါ်ရန် Rakhine State Investment Fair 2019 ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး MoUစာချုပ်များကိုလည်း တစ်ခါတည်းလက်မှတ်ထိုးနိုင်ရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းပြောသည်။
"အဲဒီပွဲရဲ့ အဓိကအရေးကြီးဆုံးကတော့ MoU ထိုးတဲ့အခမ်းအနား ကျွန်တော်တို့လုပ်ပါမယ်။ MoU ထိုးပွဲလည်း ကုမ္ပဏီနှစ်ခုသုံးခု ကျွန်တော်တို့ညှိနှိုင်းပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်ဖို့ သဘောတူညီချက် ရင်းနှီးမြှပ်နှံဖို့ သဘောတူညီချက်ရထားပြီးဖြစ်ပါတယ်။ အဲဒီနေ့မှာပဲလာရောက်ပြီးဆွေးနွေးပြီး သဘောတူ သွားရင်လည်း အဲဒီမှာဘဲ MoU ထိုးနိုင်အောင်လည်း ကြိုတင်ပြီးတော့ စီစဉ်ထားပါတယ်" ဟု ဦးကျော်အေးသိန်း ပြောသည်။
အဆိုပါပွဲကိုကမ္ဘာ့ ၈ ခုမြောက် အကောင်းဆုံးကမ်းခြေအဖြစ် သတ်မှတ်ခံထားရသည့် ငပလီကမ်းခြေတွင် ဖေဖေါ်ဝါရီ ၂၁မှ ၂၃ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုုပ်နှံမှု ၁ဝမှ ၁၅ခုခန့် ဝင်ရောက်လာနိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။ရခိုင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် သုတေသနများလည်း ၁လခန့်ကြိုတင်ကာ လုပ်ဆောင်ထားပြီး သုတေသနတွေ့ရှိချက်များကို အဆိုပါပွဲတွင် ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းလက်ရှိ လုပ်ဆောင်လျက်ရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း ၊ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများနှင့် အခြားရင်းနှီးမြှုုပ်နှံမှုများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
"ရခိုင်ပြည်နယ်အတွက်ကတော့ တည်ငြိမ်မှုက အင်မတန်အရေးကြီးပါတယ်။ ဒါကိုလည်းဦးစားပေးပြီးလုပ်နေပါ တယ်။ တည်ငြိမ်မှုရလာတာနဲ့အမျှ ဖွံ့ဖြိုးရေးကိုလည်းဘဲ ပိုပြီးတော့ အောင်အောင်မြင်မြင်လုပ်နိုင်မယ်လို့ ယုံ ကြည်ထားတဲ့အတွက် ဒီအခြေအနေတွေအပေါ်မှာ ဖြစ်လာတာနဲ့အမျှ အမြန်ဆုံး ထိန်းသိမ်းပြီးတော့ အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်မယ်။ ဒီအပေါ်မှာလည်းဘဲ နိုင်ငံတော်အစိုးရအနေနဲ့ကော နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ ကော ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေအားလုံးမှာ အမြန်ဆုံးတုံ့ပြန်တယ်။ ထိန်းသိမ်းတယ်။ အမြန်ဆုံးအကောင်းဆုံး ဖြစ်အောင် ပုံမှန်အနေအထားတွေရအောင် အမြန်ဆုံးဆောင်ရွက်ပါတယ်" ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကပြောသည်။
ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ဦးမြို့အပြင် ငပလီကမ်းခြေနှင့် အနီးတစ်ဝိုက်တွင်လည်း ကမ်းခြေအသစ်များတိုးချဲ့လာနိုင်သော အလားအလာရှိသဖြင့် ခရီးသွားကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားရန် ရည်ရွယ်ကြောင်းသိရသည်။ ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ရင်နှီးမြှုပ်နှံမှုလာရောက်ရန်အတွက် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အာဆီယံဒေသအတွင်း နိုင်ငံများကိုအဓိကထားဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။
Mizzima