မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းစတင်တော့မည့် MPT နှင့် My Tel


25 June, 2018

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အသစ်ဝင်ရောက်လာသည့် ဆက်သွယ်ရေးအော်ပရေတာမိုင်တဲလ်က မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုချက်လျှောက်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

မိုင်တဲလ်သည် ၎င်း၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို My Money ဟု အမည်သတ်မှတ်ရန် အကြမ်းဖျင်းလျာထားကြောင်း၊ အကျိုးတူပူးပေါင်းရန် အင်းဝဘဏ် (သို့မဟုတ်) မြဝတီဘဏ်ကို ရွေးချယ်မည်ဖြစ်ကြောင်း အော်ပရေတာပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ငွေလွှဲပြောင်းမှုကွန်ရက် ကျယ်ပြန့်ရေးဘဏ်သုံးခုနှင့် ပူးပေါင်းရန် စီစဉ်ထားသည်ဟု အော်ပရေတာ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ငွေကြေးလွှဲပြောင်းခြင်း ဝန်ဆောင်မှုလုပ်ကိုင်ရန် သီးခြား ကုမ္ပဏီတစ်ခုကို စတင်ထူထောင်နေကြောင်း၊ အစိုးရပိုင် အော်ပရေတာဖြစ်သဖြင့် လုပ်ငန်းစဉ်ကို ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။သို့သော် ယင်းအော်ပရေတာနှစ်ခုက ရင်းနှီးမြှုပ်နှံမည့် ပမာဏကိုမူ ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။

ဆက်သွယ်ရေးအော်ပရေ တာများအနက် တယ်လီနော သည် ရိုးမဘဏ်နှင့် ပူးပေါင်း၍ ၂၀၁၆ တွင် Wave Money အမည်ဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းစတင်ခဲ့ပြီး အူရီးဒူးသည် CB ဘဏ်နှင့် ပူးပေါင်း၍ M-Pitesan အမည်ဖြင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၇ တွင် စတင်ခဲ့သည်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရာတွင် တယ်လီနောသည် ပူးပေါင်းသည့်ဘဏ် နှင့်အတူ ကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်းကို အချိုးကျရင်းနှီးမြှုပ်နှံခဲ့သော်လည်း အူရီးဒူးသည် ပူး ပေါင်းဘဏ်၏ ရင်းနှီးမြှုပ်နှံမှု ပါဝင်ခြင်းမရှိဘဲ ကျပ်သန်း ၃၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းကို ၂ နှစ်ကြာ လုပ်ကိုင်ထားသည့် Wave Money သည် အသုံးပြုသူ ၁ ဒသမ ၅ သန်းပိုင် ဆိုင်ကြောင်း ကြေညာထားသည်။

၂၀၁၈ ဇန်နဝါရီမှ မေလ အထိ ငွေကြေးလွှဲပြောင်းမှု ကျပ်ဘီလီယံ ၅၀၀ ကျော်ရှိကြောင်း Wave Money က ထုတ်ပြန်သည်။ သို့သော် M- Pitesanသည် ၎င်းကွန်ရက်၏ ငွေကြေးစီးဆင်းမှုကို ထုတ်ပြန်ခြင်းမရှိပေ။

ဘဏ်မဟုတ်သည့် အဖွဲ့ အစည်းများ မိုဘိုင်းငွေကြေးဝန် ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်က ၂၀၁၆ မတ်လ ၃၀ ရက်တွင် ညွှန်ကြားချက်အသစ် ထုတ်ပြန်ခဲ့ပြီးနောက်ဆက်သွယ်ရေးအော်ပရေတာများ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

 7 day daily

Local News Read 708 times