ပြည်ပ ငွေကြေးအဖွဲ့အစည်းများနှင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် MPU ပြင်ဆင်


08 January, 2019

ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ရှိ ငွေကြေးအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအကြား သဘောတူစာချုပ်များ ချုပ်ဆိုရန် Myanmar Payment Union-MPU အဖွဲ့မှ နည်းပညာပိုင်းပြင်ဆင်မှုများ ပြီးစိးနေပြီ ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ်ကပြောကြားသည်။
ပြည်တွင်းဘဏ်များက ယင်းတို့၏နည်းပညာများကို လာရောက်ချိတ်ဆက်ရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ ဘဏ်များအားလုံးပြီးစီး၍ နှစ်နိုင်ငံအဆင်သင့်ဖြစ်မှသာ သဘောတူစာချုပ် ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“နှစ်နိုင်ငံကတ် ကိုင်ဆောင်သူ အချင်းချင်း စရိတ်စကသက်သက်သာသာနှင့် ငွေလွှဲတာတွေ၊ ငွေပေးချေတာတွေ လုပ်လာနိုင်မယ်”ဟု အမှုဆောင်အရာရှိချုပ်ကဆိုသည်။

လက်ရှိတွင် MPU အနေဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံအခြေစိုက် ကတ်ကုမ္ပဏီများဖြစ်သည့် JCB၊ UPI တို့နှင့် ပူးပေါင်းကာ ပြည်တွင်းသာမက နိုင်ငံတကာတွင် သုံးစွဲနိုင်သည့် ငွေပေးချေကတ်၊ အကြွေးဝယ်ကတ်များကို သုံးစွဲသူများအတွက် ဝန်ဆောင်မှုများပေးလျက်ရှိ၏ကြောင်း MPU ထံမှ သိရသည်။

နိုင်ငံအဆင့်ငွေပေးချေရေးအဖွဲ့ဖြစ်သည့် MPU သည်အိမ်နီးချင်းနိုင်ငံများရှိ ငွေရေးကြေးရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်က ကူညီပေးလျှက်ရှိကြောင်း ဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

“အဓိကက ဝန်ဆောင်ခများများပေးရတာပေါ့။ ကြားခံအဖွဲ့များလေလေ သုံးစွဲသူက ဝန်ဆောင်ခပိုပေးရလေလေဖြစ်တာပေ့ါ။နှစ်နိုင်ငံလက်မှတ်ထိုးထားခြင်းအားဖြင့် ပြည်တွင်းကကတ်တွေ နိုင်ငံခြားမှာ သုံးမယ်ဆိုရင်လည်း သုံးလို့ရတယ်။ ဝန်ဆောင်ခကလည်း အရင် ၅ ဒေါ်လာကျမယ်ဆိုရင် ၃ ဒေါ်လာစသဖြင့် လျော့သွားမှာပါ” ဟု၎င်းကရှင်းပြသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲပါက ဟွန်ဒီစနစ်(တရားမဝင်ငွေလွှဲခြင်း) များဖြင့် ဆောင်ရွက်နေရကြောင့်၊ ဘဏ်များတွင်ငွေလွှဲလိုပါက ငွေစာရင်းဖွင့်မှ လွှဲခိုင်းခြင်း၊ အထောက်အထားများ ပြရခြင်းတို့ကြောင့် ဟွန်ဒီစနစ်ဖြင့် ငွေလွှဲရခြင်းဖြစ်ကြောင်း၊ MPU စနစ်ဖြင့် ချိတ်ဆက်ပြီး Mobile Banking စနစ်၊ အကောင့်အချင်းချင်းငွေလွှဲခြင်း စနစ်များရရှိပါက ငွေလွှဲခြင်းမှာ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။

The Voice

 

Banking & Loan Read 1126 times