ပြည်တွင်း စပါးဈေး ကျပ်ငါးသိန်းအောက် ကျဆင်းပါက အခြေခံဈေးနဲ့ ဝယ်ယူပေးဖို့ မေတ္တာရပ်ခံ


28 March, 2019

ပြည်တွင်း စပါးဈေး တင်း ၁၀၀ ကို ကျပ်ငါးသိန်းအောက် ကျဆင်းပါက အခြေခံရည်ညွှန်းစပါးဈေးနှုန်းနဲ့ ဆက်လက်ဝယ်ယူဖို့ မေတ္တာရပ်ခံကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က မတ်လ ၂၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ မတ်လ ၆ ရက်က အခြေခံရည်ညွှန်းစပါးဈေးကို ဆန်ကြမ်းစပါးအမျိုးအစား တင်း ၁၀၀ ဆိုရင် ကျပ်ငါးသိန်းသတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီ ရည်ညွှန်းစပါးဈေးရဲ့ သက်တမ်းက တစ်နှစ်ဖြစ်ပြီး ၂၀၁၉ မတ်လမှာ အသစ်ပြန် လည်သတ်မှတ်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် သတင်းထုတ်ပြန်တဲ့နေ့အထိ ရည်ညွှန်းစပါးဈေး မသတ်မှတ်နိုင်တဲ့အတွက် တင်း ၁၀၀ ကို ကျပ်ငါးသိန်းသတ်မှတ်တဲ့ နှုန်းထားနဲ့သာ ဆက်လက်ဝယ်ယူပေးဖို့ MRF က သတင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်။

MRF အသင်းဝင်ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များနဲ့ ပုဂ္ဂလိကကုမ္ပဏီ အဖွဲ့အစည်းများအနေနဲ့ ၂၀၁၉ အခြေခံရည်ညွှန်းစပါးဈေး ထပ်မံမကြေညာမီအထိ လက်ရှိဈေးနှုန်းက အကျုံးဝင်နေပါတယ်။

ဒါ့အပြင် ဒေသအလိုက် စပါးပေါက်ဈေးဟာ အခြေခံဈေးအောက် ရောက်ရှိသွားပြီဆိုပါက တောင်သူများ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှ ထက်ဝက်ကျော် ဆန်တင်ပို့နေတဲ့ တရုတ်ဈေးကွက်ကလဲ လက်ရှိမှာ ပိတ်ဆို့နေပြီး ပြည်တွင်းဆန်လက်ကျန်များကာ အသစ်ထွက်လာတဲ့ နွေစပါးဈေးက ဒေသအလိုက်၊ ခရီးအကွာအဝေးအလိုက်၊ စပါးအရည်အသွေးအလိုက် တင်း ၁၀၀ ကို ကျပ်ငါးသိန်းခွဲမှ ငါးသိန်းအကြား ဈေးရှိနေပါတယ်။

၂၀၁၈ မိုးစပါးရိတ်သိမ်းချိန်တုန်းက စပါးတင်း ၁၀၀ ကို ကျပ်ခြောက်သိန်းကျော် ရှိပြီး အခု ၂၀၁၉ နွေစပါးစတင်အသစ်ပေါ်ချိန်မှာတော့ စပါးဈေးက အခြေခံရည်ညွှန်းနှုန်းဝန်းကျင်ကို ကျဆင်းလာပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက သင်္ကြန်မတိုင်မီမှာတော့ ဆန်တန်ချိန် တစ်သိန်းကျော်လောက် သင်္ဘောတင်ဖို့ရှိနေပါတယ်။  နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးက အတက်ဘက်မှာရှိနေပြီး အခုလအတွင်း ဆန်တစ်တန်ကို ပျမ်းမျှ ငါးဒေါ်လာခန့် ဈေးပြန်တက်နေပါတယ်။ အခု စပါးဈေးက ပြန်တက်မယ်လို့ထင်တယ် လို့ပြောပါတယ်။

လက်ရှိ မြန်မာဆန်ကို အာဖရိကနိုင်ငံတွေကို အဓိကတင်ပို့နေပြီး အင်ဒိုနီးရှားနိုင်ငံကိုတော့ ဆန်ကွဲများ တင်ပို့နေပါတယ်။ သင်္ကြန်မတိုင်မီ ပြည်ပကို တန်ချိန်နှစ်သောင်းကျော် တင်ဆောင်နိုင်တဲ့ ဆန်သင်္ဘောငါးစီးခန့် တင်ပိုဖို့ ပြည်ပဆန်တင်ပို့သူများက စီစဉ်နေပါတယ်။

7day daily

Local News Read 621 times