MTSH ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်းနေ


03 September, 2018

သီလဝါအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ခွင့်ရသည့် MTSH ကုမ္ပဏီက တရုတ် CITIC ကုမ္ပဏီနှင့် ပူးပေါင်း၍ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဆန်းစစ်ညှိနှိုင်းနေကြောင်းအဆိုပါကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

MTSH ကုမ္ပဏီသည် ရန်ကုန်မြို့ သီလဝါတွင် သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာ- ဂျပန်အစိုးရအပါအဝင် ဂျပန်ကုမ္ပဏီကြီးသုံးခုနှင့် ပူးပေါင်းအကောင်အထည်ဖော်ခွင့်ရထားသည့် ကုမ္ပဏီဖြစ်သည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် အများပိုင်ကုမ္ပဏီလည်းဖြစ်သည်။

‘‘ကျွန်တော်တို့ရဲ့ အောင်မြင်ခဲ့သော အတွေ့အကြုံတစ်ခုဖြစ်တဲ့ သီလဝါအထူးစီးပွားရေးဇုန် ဖော်ထုတ်ခဲ့ခြင်းနှင့် အလား သဏ္ဌာန်တူ ရင်းနှီးမြှုပ်နှံမှုပုံစံ တစ်ခုဖြစ်လာနိုင်ပါတယ်’’ဟု ဦးဝင်းအောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ၂၀၁၅ တွင် တင်ဒါအောင်မြင်ခဲ့ပြီး မြန်မာအစိုးရနှင့် မူဘောင်သဘောတူညီမှုကို စက်တင်ဘာအတွင်း ရေးထိုးရန် သဘောတူထားသည်။

အဆိုပါ စီမံကိန်းသည် ဒေါ် လာ ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိသော်လည်း မြန်မာအစိုးရက ဒေါ် လာ တစ်ဘီလီယံမှ နှစ်ဘီလီယံကြားဖြင့် စတင်မည်ဖြစ်သည်။ ထိုစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တို့ ပါဝင်မည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နည်းတူ တရုတ်အစိုးရနှင့် အကောင်အထည်ဖော်မည့် ကချင်ပြည်နယ် မြစ်ကြီးနား စီးပွားဖွံ့ ဖြိုးရေးဇုန် စီမံကိန်းလည်း ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးညှိနှိုင်းနေသည်ဟု ဦးဝင်းအောင်က ပြောသည်။

မြေဧက ၄,၇၀၀ ကျယ်ဝန်းသည့် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအတွက် ကချင်ပြည်နယ်အစိုးရနှင့် တရုတ်ယူနန်ထိန် ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်တို့အကြား နားလည်မှုစာချွန်လွှာ မေလတွင် ရေးထိုးခဲ့သည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ရန် စီစဉ်ထားသည်။

Source: 7day

Local News Investment/Divestment Read 584 times